မနေ့ညက အိုးထရက်ဖို့ဒ်မှာ ဧည့်သည် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ ရူဘင် အမော်ရင်က လက်ရှိ အသင်းဟာ ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက်မှာ အဆိုးရွှားဆုံးသောအသင်း ဖြစ်နေတယ်လို့ ညည်းတွား ဝန်ခံပြောကြားသွားခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ နည်းပြအမော်ရင်လက်ထက် ပရီးမီးယားလိဂ် အိမ်ကွင်း (၄)ပွဲအထိတောင် ရှုံးပွဲ ကြုံတွေ့ထားခဲ့ရပြီ ဖြစ်သလို အမော်ရင်ရဲ့ ယူနိုက်တက်နည်းပြဘဝ ပွဲစဉ်ပေါင်း (၁၅)ပွဲအထိ ကိုင်တွယ်ထားပြီးနောက်ပိုင်းမှာလည်း နိုင်ပွဲက (၅)ပွဲသာ ရှိထားသလို ရှုံးပွဲကတော့ (၇)ပွဲအထိ ရှိထားခဲ့ရပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက်က အမော်ရင်လက်ထက်မှာ နော်တင်ဟမ် ဘုန်းမောက် နယူးကာဆယ်နဲ့ ဘရိုက်တန်တို့ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အရှုံးပေးခဲ့ရပြီး အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်း (၁၂)ပွဲ ကစားပြီးချိန် (၆)ပွဲအထိ အရှုံးပေးထားခဲ့ရတာဟာ ၁၈၉၃-၉၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ရသလို အဲ့ဒီအချိန်တုန်းက ယူနိုက်တက်ဟာ နယူတန်ဟိတ် နာမည်နဲ့သာ ရှိနေပါသေးတယ်။

ဒီလို ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး အမော်ရင်က “ကျွန်တော်က အတွေ့အကြုံမရှိတဲ့သူ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့က မန်ချက်စတာ ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးဆုံးအသင်း ဖြစ်နေနိုင်ပါတယ်။ ဒါကို နားလည် သဘောပေါက်ပြီးတော့ ပြုပြင်ပြောင်းလဲသွားရမှာပါ။ ပရီးမီးယားလိဂ် (၁၀)ပွဲမှာ ကျွန်တော်တို့က (၃)ပွဲတည်းပဲ အနိုင်ရခဲ့တယ်။”

Photo Credit : Football365

“ယူနိုက်တက်အသင်းရဲ့ ပရိသတ်တစ်ဦးအနေနဲ့ ဒါကို မြင်ယောင်ကြည့်ပါ။ နည်းပြသစ်က အရင်နည်းပြဟောင်းထက် ရှုံးပွဲများနေရတာကို မြင်ယောင်ကြည့်ပါ။ ဒီလို အခြေအနေမှာ ကျွန်တော်တို့က ရှင်သန်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဒါကို နားလည်ပါတယ်။ ပြိုင်ဘက်အသင်းတွေကလည်း အသေးစိတ် အချက်အလက်တွေအရ ကျွန်တော်တို့ထက် ပိုကောင်းတယ်။ ကျွန်တော်တို့က ခြေစွမ်းပိုင်း တသမတ်တည်း ရှိမနေဘူး။”

“အခုကတော့ ခက်ခဲတဲ့ အခိုက်အတန့်လည်း ဖြစ်နေသလို အလွန်ခက်ခဲတဲ့ အခြေအနေမှာ ရှိနေရတယ် ဆိုတာကိုလည်း လက်ခံထားရပါမယ်။ မှတ်တမ်းဆိုးတွေ၊ အိမ်ကွင်းရှုံးပွဲတွေ၊ ပရီးမီးယားလိဂ်ရှုံးပွဲတွေနဲ့ အသငင်းက စွမ်းဆောင်ရည် ကျဆင်းနေတယ်ဆိုတာကို နားလည် လက်ခံရပါမယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။