မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ထိုက်တန်တယ်လို့ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က ဝန်ခံ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဖလားပွဲတွေမှာ အခြေအနေမကောင်းပေမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကို နှစ်ကျော့ပေါင်း ၇-၁ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်ထားတာကြောင့် ဆုဖလားတစ်လုံးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိနေပါသေးတယ်။ မေလ (၂၁)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲမှာတော့ ပရီးမီးယားလိဂ်မှာ အလားတူ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Photo Credit : Football365

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၆)ပွဲဆက်တိုက် အနိုင်မရသေးတဲ့ အခြေအနေကို ရွိုင်ကိန်းက အရှက်ရဖွယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒီနေ့မှာ အမှတ်ပေးဇယားအောက်ခြေက ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ရတော့မယ့် ပွဲစဉ်မတိုင်မီ အမော်ရင်က “ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်ဆိုတာကိုတော့ သဘောတူပါတယ်။ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒါတွေနဲ့ ထိုက်တန်လို့ပါ။ ဒီလိုရာသီမျိုးမှာ ဒီဝေဖန်မှုတွေကို လက်မခံနိုင်ဘူးဆိုရင် ကျွန်တော်တို့ လုပ်ငန်းခွင်မှားနေပြီလို့ ထင်ပါတယ်။ ဒါကို ကျွန်တော်အပြည့်အဝ အသိအမှတ်ပြုပြီး ဝေဖန်သူအားလုံးနဲ့ သဘောတူပါတယ်။”

“ကျွန်တော်တို့ ပိုပြီး စမတ်ကျဖို့လိုတယ်။ စွန့်စားမှုတွေလည်း လုပ်ရပါမယ်။ လူတိုင်းဆီက ဝေဖန်မှုတွေ အများကြီးရနိုင်တဲ့ စွန့်စားမှုကို ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ရွိုင်ကင်းတို့လို ကစားသမားဟောင်းကြီးတွေရဲ့ စံနှုန်းတွေက အရမ်းမြင့်မားနေလို့ပါ။ ဒါပေမယ့် ကျွန်တော် ရွေးချယ်မှုတစ်ခုတော့ လုပ်ရပါလိမ့်မယ်။” လို့ ESPN နဲ့ တွေ့ဆုံရာမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးပိုင်းမှာသာ ရာသီသိမ်းရမှာ သေချာနေပြီဖြစ်လို့ ဂုဏ်သိက္ခာအတွက်သာ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အမော်ရင်က အဓိက ကစားသမားတွေကို ဒဏ်ရာအန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်ခင် ပွဲကစားချိန် လုံလောက်မှုရှိစေဖို့ ဟန်ချက်ညီအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ “တခါတလေ ပွဲကစားတာက ပိုကောင်းပါတယ်။ ဒဏ်ရာရနိုင်တဲ့ ကစားသမားတွေကိုတော့ ကျွန်တော် ကာကွယ်သွားမှာပါ။ ပရီးမီးယားလိဂ်မှာလည်း ကျွန်တော်တို့ ပြိုင်ဆိုင်မှုရှိချင်ပါသေးတယ်။”

“ဘရူနို ဖာနန်ဒက်စ်ကတော့ ဒဏ်ရာပြဿနာမရှိပေမယ့် မက်ဂွိုင်းယားကတော့ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို စီမံခန့်ခွဲရမှာဖြစ်ပေမယ့် သူတို့ ပွဲကစားဖို့တော့ လိုပါတယ်။ ပွဲမကစားဘဲ အနားပေးတာထက် ပွဲကစားတာက ပိုကောင်းပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ချိန်အများကြီး ရတော့မှာမဟုတ်ပါဘူး။ ဒီပွဲတွေမှာ သူတို့ ဗိုလ်လုပွဲအတွက် နေရာလုကြရမှာပါ။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကျွန်တော်တို့ အမှားတချို့လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတချို့ဟာ ဘီလ်ဘာအိုနဲ့ပွဲကို ကြိုတွေးနေကြတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို စီမံရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ မန်ချက်စတာ ယူနိုက်တက် ဖြစ်တယ်ဆိုတာကိုလည်း အသိအမှတ်ပြုရပါမယ်။ ပရီးမီးယားလိဂ်မှာလည်း ကျွန်တော်တို့ ပွဲတွေနိုင်ဖို့ လိုအပ်ပါတယ်။ ပွဲတိုင်းကို တိုးတက်အောင် ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ရော အထူးသဖြင့် အနာဂတ်အတွက် ပြင်ဆင်ဖို့ပါ ကျွန်တော်တို့ အသုံးချရပါမယ်။” လို့ အမော်ရင်က ပြောဆိုခဲ့ပါတယ်။