မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အမော်ရင်က ယူနိုက်တက်အသင်းတွက် လောလောဆယ်မှာ အသင်း အနာဂတ်ကို တည်ဆောက်တာဟာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူး ရယူနိုင်ဖို့ထက် ပိုအရေးကြီးတယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်ဖ်အေဖလားပွဲမှာ ဖူလ်ဟမ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီအတွက် မျှော်လင့်ချက်က ယူရိုပါလိဂ်ဖလားသာ ကျန်ရှိနေပါတော့တယ်။ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၁၄)ထိ ရောက်နေတာမို့ ယူနိုက်တက်အနေနဲ့ ဖလားလက်မဲ့ရာသီ မဖြစ်ဖို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့က ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit : The Independent

ယူနိုက်တက်က ယူရိုပါလိဂ်မှာတော့ (၁၆)သင်းအဆင့်ထိ တက်လှမ်းထားပြီး လာလီဂါကလပ် ဆိုစီဒက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဆိုစီဒက်ကလည်း ဒီရာသီ လာလီဂါမှာ စွမ်းဆောင်ရည် သိပ်မကောင်းလှပေမယ့် ယူနိုက်တက်က ဆိုစီဒက်ထက် ပိုအခြေအနေဆိုးနေသလို စပိန်အသင်းတွေနဲ့ ဥရောပပွဲတွေမှာ ဆုံရတိုင်း ရလဒ်မကောင်းတက်တဲ့ အစဉ်အလာဆိုးကလည်း ရှိနေပြန်ပါတယ်။

ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ယူနိုက်တက်နည်းပြ အမော်ရင်က “ဟုတ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဖလားပွဲမှာ ရှုံးခဲ့တာကြောင့် လူတွေက ဒီယူရိုပါလိဂ်ကို ကျွန်တော်တို့ အနိုင်ရလို့ရတဲ့ တစ်ခုတည်းသော ပြိုင်ပွဲအဖြစ် မြင်နေကြပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ကို အနိုင်ရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ ဆက်စပ်မှုလည်း ရှိပါတယ်။”

Photo Credit : Goal

“ဒါပေမယ့် အမှန်ကို ပြောရရင် ကျွန်တော်တို့မှာ ပိုကြီးတဲ့ စဉ်းစားစရာ အရာတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒီလိုပြောတာ ထူးဆန်းနေမှန်း သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအသင်းမှာ အခု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အရာက အခုချိန်မှာ ဖလားတစ်လုံး ရယူနိုင်ဖို့ဆိုတာထက် ပိုအရေးကြီးပါတယ်။ ဆုဖလားတိုင်းအတွက် တိုက်ပွဲဝင်ရမယ့် တာဝန်ရှိတာ သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ ဒီရာသီရဲ့ ဘယ်ဖလားထက်မဆို ပိုကြာရှည်မယ့် တစ်ခုခုကို တည်ဆောက်ဖို့ ကြိုးစားနေတာပါ။” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဖူလ်ဟမ်ကို ပင်နယ်တီ ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရချိန်မှာလည်း နည်းပြအမော်ရင်က သူတို့ဟာ အခုလို အခြေအနေဆိုးကို ကြုံတွေ့နေရပေမယ့် လာမယ့် အနာဂတ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ပြန်လည် ရယူသွားနိုင်ဖို့ ရည်ရွယ်ထားကြောင်း အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။