မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က လိုင်ယွန်အသင်းကို အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့အတူ အနိုင်ရခဲ့ခြင်းဟာ ၁၉၉၉ ချန်ပီယံလိဂ် ဖိုင်နယ်အကြောင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ခဲ့ရာကနေ လှုံ့ဆော်မှု ရခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
အမော်ရင်က Amazon Prime ရဲ့ ‘99’ မှတ်တမ်းရုပ်ရှင်ကို ကြည့်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒီရုပ်ရှင်က ဆာ အဲလက်စ် ဖာဂူဆန်လက်ထက် ၁၉၉၉ မှာ ယူနိုက်တက်အသင်းရဲ့ တစ်ရာသီအတွင်း ဖလား(၃)လုံး Treble Champions အောင်မြင်မှုအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး အဲ့ဒီတုန်းက ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ် ဖိုင်နယ်မှာ အချိန်ပိုဂိုးတွေနဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့တဲ့ပွဲအကြောင်းလည်း ပါဝင်နေပါတယ်။
Photo Credit : Goal
ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးနောက် အမော်ရင်ရဲ့ အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ လိုင်ယွန်ကို အချိန်ပိုမှာ (2-4) နဲ့ ရှုံးနိမ့်နေရာကနေ (5-4) ဆိုတဲ့ ရလဒ်အထိ ဖြစ်သွားအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ခဲ့ပြီး ဒီလို amazing comeback ကြောင့်ပဲ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
“ကျွန်တော် ၁၉၉၉ မှတ်တမ်းရုပ်ရှင်ကို ဒီလိုအခိုက်အတန့်တွေအတွက် လှုံ့ဆော်မှုရဖို့ ကြည့်ခဲ့တယ်။ ဒါက အံ့သြစရာညတစ်ညပါ။ အသင်းက ပင်ပန်းနေပြီး (2-4) နဲ့ ကစားသမားတစ်ယောက် ပိုနေချိန်မှာ ပွဲပြီးသွားပြီလို့ ထင်ခဲ့ပေမယ့် ဒီနေရာမှာတော့ ဘာမှ မပြီးဆုံးပါဘူး။” လို့ အမော်ရင်က TNT Sports ကို ပြောပါတယ်။ “ဒီနေရာမှာ အားလုံးဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားရတယ်။ (4-3) ဖြစ်လာတဲ့အခါ ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ ဝင်ပြီးတဲ့အခါ ကျွန်တော်တို့ ပွဲကို ပြောင်းလဲနိုင်မယ်လို့ ခံစားခဲ့ရတယ်။”
Photo Credit : ESPN
အမော်ရင်က ဒီအနိုင်ရမှုရဲ့ ပုံစံက သူ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ (၅)လအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအားလုံးကို တန်ဖိုးရှိစေခဲ့တယ်လို့ ဝန်ခံပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောပါတယ်။ “ဒါက ဘာလို့ ဒီအားကစားကို ဒီလောက်ချစ်ရလဲ ဆိုတာပါ။ ဒီလိုရာသီမျိုးမှာ နည်းပြတစ်ယောက်အနေနဲ့ ကြုံရတဲ့ စိတ်ပျက်စရာတွေ ဆိုးရွားတဲ့ အခိုက်အတန့်တွေ အားလုံးကို ဒီလိုအခိုက်အတန့်တွေ ရလာတဲ့အခါ အကုန် တန်ဖိုးရှိသွားပါတယ်။ ပြီးတော့ ပွဲပြီးရင် တနင်္ဂနွေမှာ နောက်ထပ်ပွဲရှိသေးတယ်။ ကစားသမားတွေ ကစားဖို့ အဆင်သင့်ဖြစ်မဖြစ်ကို ကြည့်ရမယ်။ ဘာလို့ဆို ယူရိုပါလိဂ်ကို ဆက်အာရုံစိုက်ရမှာမို့ပါ။”
အမော်ရင်နဲ့ သူ့ရဲ့ ကစားသမားတွေမှာ ဒီစိတ်လှုပ်ရှားဖွယ် ပွဲအပြီး ပြန်လည်အနားယူဖို့ အချိန်သိပ်မရှိပါဘူး။ တနင်္ဂနွေမှာ ပရီးမီးယားလိဂ်မှာ ဝုဗ်လ်နဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် တကယ့်အာရုံစိုက်ရမှာက ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ရိန်းဂျားကို စုစုပေါင်း ကျော်ဖြတ်လာခဲ့တဲ့ ဘီလ်ဘာအိုနဲ့ တွေ့ဆုံရမယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ အမော်ရင်က ဘီလ်ဘာအိုအကြောင်းကို အခုလို ပြောပါတယ်။ “ကျွန်တော် စပို့တင်းနဲ့ သူတို့ကို ရင်ဆိုင်ခဲ့ဖူးလို့ သူတို့အကြောင်း နည်းနည်းသိတယ်။ အခုက အချိန်အခြေအနေ မတူတော့ဘူး။ သူတို့က နည်းပညာပိုင်းမှာ အရမ်းကာင်းတယ်။ တောင်ပံကစားသမား ၂ ဦးကလည်း တော်တယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ ထူးခြားချက်တွေကို အကဲဖြတ်ဖို့ အချိန်ရှိပါသေးတယ်။”