အင်္ဂလိပ် ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအတွက် မယုံနိုင်စရာကောင်းလောက်အောင် ဥရောပဘောလုံးညတစ်ညမှာ ဘရူနို ဖာနန်ဒက်စ် နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဘယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်နဲ့ အဓိက ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ဟာ ဘီလ်ဘာအိုမြေမှာ ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်က ခြေစွမ်းဆိုးရွားမှုကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး မေလ(၂၁)ရက်နေ့မှာ ဘတ်စ်ခ်မြို့မှာ ကျင်းပမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ တစ်နေရာစာနီးပါး သေချာသွားခဲ့ပါပြီ။
အခြားပွဲစဉ်တစ်ခုမှာတော့ တော့တင်ဟမ် ဟော့စပါးအသင်းကလည်း ဘရန်နန် ဂျွန်ဆင်၊ ဂျိမ်းစ် မက်ဒီဆင် နဲ့ ဒိုမီနစ် ဆိုလန်ကီတို့ရဲ့ သွင်းဂိုးတွေနဲ့ နော်ဝေကလပ် ဘိုဒို/ဂလင့်ကို လန်ဒန်မြောက်ပိုင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ အင်္ဂလိပ်ကလပ်အချင်းချင်း ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ ကွန်ဖရင့်လိဂ်ဘက်မှာလည်း ချယ်လ်ဆီးအသင်းက ဆွီဒင်ကလပ် ယာဂါးဒန်းအသင်းကို နီကိုလပ်စ် ဂျက်ဆင်ရဲ့ (၂)ဂိုးသွင်းယူမှုနဲ့အတူ ၁-၄ ဂိုးနဲ့ အဝေးကွင်းမှာ အလွယ်တကူ အနိုင်ရခဲ့ပါတယ်။
Photo Credit : Evening Standard
ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်ကတော့ ပထမပိုင်းမပြီးခင် (၁၆)မိနစ်အတွင်းမှာ သူ့အသင်းက (၃)ဂိုးသွင်းပြီး ဘီလ်ဘာအို ကစားသမားတစ်ဦး အထုတ်ခံခဲ့ရတဲ့ အံ့အားသင့်ဖွယ် အခြေအနေအပြီးမှာ ပေါ့ဆမှုမရှိဖို့ သတိပေးခဲ့ပါတယ်။ “ဒီရလဒ်ကို ဘယ်သူမှ မျှော်လင့်မထားပါဘူး၊ ဒါပေမယ့် ပွဲမပြီးသေးပါဘူး။”
“အိုးလ်ထရက်ဖို့ဒ်မှာလည်း ဒီလိုရလဒ်မျိုး ဖြစ်သွားနိုင်တာကြောင့် ကျွန်တော်တို့ ပြင်ဆင်ထားဖို့ လိုပါတယ်။ အဝေးဂိုး စည်းမျဉ်း မရှိတော့တဲ့အတွက် ဘာမဆို ပြောင်းလဲသွားနိုင်တယ်။ ဒါက ကျွန်တော် ကစားသမားတွေကို ပေးချင်တဲ့ သတင်းစကားပါပဲ။ သူတို့ ဒုတိယအကျော့ကို သတိထားရမယ်။ ပြီးတော့ ပွဲရဲ့ ကျန်တဲ့အချိန်တွေထက် ပထမ မိနစ်(၂၀)ကို ပိုပြီး ပြန်စဉ်းစားသင့်တယ်။ ပွဲအစမှာ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပေမယ့် သွင်းဂိုးနဲ့ အနီကတ်က ပွဲကို ပြောင်းလဲသွားစေခဲ့တာပါ။” လို့ အမော်ရင်က ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Football365
ဘီလ်ဘာအိုနည်းပြ အာနက်စတို ဗယ်လ်ဗာဒီကတော့ နော်ဝေဒိုင်လူကြီး အက်စပန် အက်စကက်စ်က ဒန်နီယယ် ဗီဗီယန်ကို ရတ်စ်မတ်စ် ဟွိုင်လန်းအပေါ် ပြစ်ဒဏ်ကျူးလွန်မှုအတွက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ပြီး ဘရူနို ဖာနန်ဒက်စ် ကန်သွင်းယူခဲ့တဲ့ ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်နေပါတယ်။ အထူးသဖြင့် ဂိုးမသွင်းခင် အခြေအနေမှာ အလက်ဟန်ဒရို ဂါနာချို လက်ထိဘောဖြစ်ခဲ့ပုံပေါ်တာကြောင့် ပိုဆိုးခဲ့ပါတယ်။
“ဒါက တော်တော်လေး ပြင်းထန်တဲ့ ပြစ်ဒဏ်ပါပဲ။ ၂-၀ နဲ့ ရှုံးနိမ့်သွားရုံတင်မကဘဲ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာကြောင့်ပါ။ ကျွန်တော်တို့ ဂါနာချိုရဲ့ လက်ထိဘောကို စောဒကတက်ခဲ့ပေမယ့် ဒိုင်က ဒိုင်လုပ်ရမှာပဲလေ။”လို့ ဗယ်လ်ဗာဒီက မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။