မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ရူဘင် အာမိုရင်က ကလပ်အသင်းရဲ့ ယဉ်ကျေးမှုကို အသေးစိတ်ကအစ ပြောင်းလဲနေပြီး အသင်းလိုက် ညစာစားသုံးမှုပုံစံသစ်က အောင်မြင်မှုအတွက် ဘယ်လိုအရေးပါကြောင်း ရှင်းပြပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီဟာ ယူနိုက်တက်အသင်းအတွက် အိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ရပါတယ်။ နည်းပြအဲရစ် တန်ဟက်ဂ်ရဲ့နေရာမှာ နိုဝင်ဘာလကတည်းက အစားထိုးခန့်အပ်ခံခဲ့ရတဲ့ အာမိုရင်ဟာ အသင်းရဲ့ရလဒ်တွေကို မကယ်တင်နိုင်ခဲ့ဘဲ ရာသီကုန်မှာ ပရီးမီးယားလိဂ်ကို အဆင့်(၁၅)နေရာနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။
Photo Credit : BBC Sport
ဒါ့အပြင် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် ၂၀၂၅-၂၆ ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာတီးသပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့လို ကစားသမားကောင်းတွေနဲ့ အင်အားဖြည့်တင်းထားနိုင်ခဲ့ပါတယ်။ အသင်းကို ရှေ့ဆက်တိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေတဲ့ နည်းပြအာမိုရင်က အသေးအဖွဲလို့ထင်ရတဲ့ အပြောင်းအလဲလေးတွေကနေ အသင်းကို အများကြီး အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်မှာပြုလုပ်နေတဲ့ ရာသီကြိုခရီးစဉ်အတွင်းမှာပဲ ကွင်းပြင်ပက စည်းမျဉ်းအသစ်တွေကို စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။
အာမိုရင်က MUTV နဲ့ အင်တာဗျူးမှာ “ကျွန်တော်တို့ဟာ နေ့စဉ်လုပ်ဆောင်မှုတွေရဲ့ အသေးစိတ်တိုင်းမှာ ပိုကောင်းလာတယ်လို့ ထင်ပါတယ်။ အာဟာရပိုင်း ချက်ပြုတ်ပုံ စားသောက်တဲ့အရာတွေ လေ့ကျင့်ခန်းပြင်ဆင်ပုံအထိ အရာအားလုံးမှာ ပိုပြီး စနစ်တကျဖြစ်လာပါတယ်။ အခုဆိုရင် ကျွန်တော်တို့ကို ပိုကောင်းအောင် ကူညီပေးမယ့် ကျွမ်းကျင်သူတွေ ရှိနေပါပြီ။ အရင်နှစ်ကလို အသေးအမွှားကိစ္စတွေကို ကျွန်တော် ကိုယ်တိုင်လိုက်ပြီး စိတ်ပူနေစရာမလိုတော့ပါဘူး။ ဒီအချက်တွေက ကျွန်တော့်ကိုရော နည်းပြအဖွဲ့ဝင်တွေကိုပါ ပွဲအကြောင်း အသင်းအကြောင်း ပိုပြီးအာရုံစိုက်နိုင်အောင် ကူညီပေးပါတယ်။ ဒါဟာ ကစားသမားတွေအတွက်လည်း အကူအညီ အကြီးကြီးပါပဲ။” လို့ ရှင်းပြခဲ့ပါတယ်။
Photo Credit : The Independent
ကစားသမားတွေရဲ့ ကွင်းပြင်ပက စီမံခန့်ခွဲမှုအကြောင်းကိုလည်း သူက “လုံးဝကို ကွဲပြားသွားပါပြီ။ ဒီအသေးစိတ်အပြောင်းအလဲတွေက ပွဲတွေကို တိုက်ရိုက် အနိုင်ရစေတာမျိုးတော့ မဟုတ်ပေမယ့် ပွဲတွေနိုင်ဖို့အတွက်တော့ အများကြီး အထောက်အကူပြုမှာ သေချာပါတယ်။ အရင်တုန်းကဆို ကစားသမားတွေက ထမင်းစားပြီးတာနဲ့ ချက်ချင်းပြန်သွားကြတယ်။ အခုတော့ တစ်ယောက်ကိုတစ်ယောက် စောင့်နေကြတယ်။ အသင်းနဲ့အတူ အချိန်ပိုကြာကြာ အတူရှိနေကြတယ်။ သူတို့ဆီက ထွက်လာတဲ့ ဆူဆူညံညံ အသံတွေကနေတောင် အခြေအနေတွေ ပိုကောင်းလာတာကို ခံစားလို့ရပါတယ်။” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အသင်းရဲ့ စီမံကိန်းသစ်မှာ ကစားသမားတိုင်း ပါဝင်လာဖို့ မျှော်လင့်ထားကြောင်း ပေါ်တူဂီနည်းပြက “ကစားသမားတွေက အကောင်းဆုံးကြိုးစားနေကြပြီး သူတို့အနေနဲ့ ရာနှုန်းပြည့် အားထုတ်ရမယ်ဆိုတာကို နားလည်ထားကြပါတယ်။ တကယ်လို့ ရာနှုန်းပြည့် မပေးဆပ်ဘူးဆိုရင်တော့ သူတို့အတွက် ဒီနေရာမှာ ခက်ခဲသွားပါလိမ့်မယ်။ ဒါကလည်း အရေးကြီးတဲ့အချက်ပါပဲ။” လို့ ဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ အင်္ဂလန်ဆီ မပြန်မီ တနင်္ဂနွေနေ့(ဒီနေ့)မှာ ရာသီကြို Summer Series ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ကစားဖို့ရှိနေပြီး အဲဒီနောက်မှာတော့ လာမယ့် သြဂုတ်လ (၁၇)ရက်နေ့မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။