မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် ရူဘင် အာမိုရင်က မနေ့က မန်ချက်စတာ စီးတီးအသင်းကို ၃-၀ နဲ့ အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်မှာ သူဟာ သူ့ရဲ့နည်းစနစ်ပိုင်းဆိုင်ရာ ချဉ်းကပ်ပုံကို ပြောင်းလဲသွားမှာမဟုတ်ကြောင်း လုံးဝနောက်မဆုတ်ဘဲ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အီတီဟတ်ကွင်းကြီးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အဘက်ဘက်က အရှုံးပေးခဲ့ရပြီး ဖီးလ် ဖိုဒန်က ပထမပိုင်းမှာ အဖွင့်ဂိုးသွင်းယူခဲ့သလို အာလင်း ဟာလန်းက ဒုတိယပိုင်းမှာ နောက်ထပ် (၂)ဂိုး ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရာသီအဖွင့် (၄)ပွဲကစားပြီးချိန်မှာ ရမှတ် (၄)မှတ်သာ ရရှိထားခြင်းက ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ အဆိုးရွားဆုံး ရာသီအဖွင့်မှတ်တမ်းဖြစ်လာခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အသင်းကို စတင်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် (၃၁)ပွဲမှာ (၈)ပွဲသာ အနိုင်ရရှိထားပြီး သူ့ရဲ့နိုင်ပွဲရာခိုင်နှုန်း (၂၆%) ဟာ အသင်းသမိုင်းတစ်လျှောက် ထိပ်တန်းလိဂ์မှာ ပွဲ (၂၀)အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ တတိယမြောက် အနိမ့်ဆုံးမှတ်တမ်းဆိုး ဖြစ်နေပါတယ်။

Photo Credit : Goal

Sky Sports နဲ့ တွေ့ဆုံရာမှာ အာမိုရင်က “ဒါက မန်ချက်စတာ ယူနိုက်တက်မှာ ရှိသင့်တဲ့ မှတ်တမ်းတစ်ခုမဟုတ်ဘူးဆိုတာကို ကျွန်တော်လက်ခံပါတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ခင်ဗျားတို့မသိတဲ့ အရာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကစားဟန်ကို ပြောင်းလဲသွားမှာမဟုတ်ဘူး။ ကျွန်တော်က ကိုယ့်နည်းလမ်းအတိုင်းပဲ ကစားတယ်။ ပြီးတော့ ကိုယ့်နည်းလမ်းအတိုင်းပဲ ဆက်ကစားသွားမှာပါ။”

“ရလဒ်ကိုတော့ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့က ရလဒ်တွေထက် ပိုကောင်းအောင် လုပ်ဆောင်နေပါတယ်။ ပရိသတ်တွေကို ကျွန်တော်ပြောချင်တဲ့ သတင်းစကားကတော့ ကျွန်တော်အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။ ကလပ်အတွက် အကောင်းဆုံးက ဘာလဲဆိုတာကို အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော်ဒီမှာရှိနေသရွေ့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျန်တာကတော့ ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်တော့ပါဘူး။ ကျွန်တော်က (ပရိသတ်တွေထက်) ပိုပြီးတော့တောင် ခံစားနေရပါတယ်” လို့ သူက ဆိုပါတယ်။

Photo Credit : United in Focus

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း နည်းပြရဲ့အမြင်ကို ထောက်ခံခဲ့ပြီး စီးတီးသွင်းယူသွားတဲ့ ဂိုးတွေဟာ ကာကွယ်လို့ရတဲ့ ဂိုးတွေဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာတွေကို ပြန်ကြည့်ရပါမယ်။ ဒါပေမဲ့ ဘောလုံးပွဲတစ်ပွဲကို အနိုင်ရချင်တယ်ဆိုရင် ဒါနဲ့မလုံလောက်သေးပါဘူး။ ကျွန်တော်တို့ ဒီနေ့လုပ်ခဲ့တာတွေက ရလဒ်ကောင်းတစ်ခုရဖို့အတွက် လုံလောက်မှုမရှိခဲ့ပါဘူး။”

“ကျွန်တော်တို့ ဂိုးတွေမပေးရအောင်နဲ့ ဂိုးတွေသွင်းနိုင်ဖို့လိုပါတယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် လိုချင်သလောက် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ပေးလိုက်ရတဲ့ (၃)ဂိုးလုံးက ရှောင်လွှဲလို့ရတဲ့ ဂိုးတွေပါ။ စီးတီးကတော့ သူတို့လိုချင်တဲ့ နိုင်ပွဲ (၃)မှတ်ကို ရယူသွားခဲ့တယ်။ သူတို့က ဂိုးတွေရအောင် လိမ္မာပါးနပ်စွာ ကစားသွားနိုင်ခဲ့ပြီး အသင်းကောင်းတစ်သင်းနဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။” လို့ ဖာနန်ဒက်စ်က သုံးသပ်သွားခဲ့ပါတယ်။