မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ရူဘင် အမော်ရင်က ဆိုးရွားလှတဲ့ ဘောလုံးရာသီအတွက် အသင်းပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပြီး အသင်းအတွက် နေ့ကောင်းတွေ ရောက်ရှိလာတော့မှာပါလို့ ရာသီပိတ်ပွဲစဉ်အပြီး ခံစားချက်အပြည့်နဲ့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ အက်စတွန် ဗီလာကို ၂-ဝနဲ့ အနိုင်ရရှိခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)မှာသာ ရပ်တည်ခဲ့ရပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲမှာလည်း ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ် ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဆုဖလားလက်မဲ့ပါ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲရစ် တန်ဟက်ဂ်ရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်လက်ထက်မှာ ယူနိုက်တက်အသင်းဟာ ပွဲပေါင်း(၄၂)ပွဲကစားခဲ့ရာမှာ (၁၇)ပွဲသာ အနိုင်ရရှိခဲ့ပြီး ရှုံးပွဲအရေအတွက်ကလည်း နိုင်ပွဲအရေအတွက်နဲ့ တန်းတူရှိခဲ့တာကြောင့် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အမော်ရင်က ယူနိုက်တက် ပရိသတ်တွေကို မိန့်ခွန်းပြောကြားခဲ့ပြီး နောက်ရာသီမှာ အသင်းအနေနဲ့ အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးစားသွားမှာဖြစ်လို့ အသင်းနဲ့အတူ ဆက်ရှိနေပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမော်ရင်က “ပထမဆုံးအနေနဲ့ ဒီရာသီအတွက် ကျွန်တော်တောင်းပန်ချင်ပါတယ်။ ပွဲတော်တော်များများမှာ ကျွန်တော်တို့ကို အားပေးဖို့ တကယ် ခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ကျွန်တော်တို့ ရွေးချယ်မှုတစ်ခုလုပ်ရပါတော့မယ်။ အတိတ်မှာပဲ နစ်နေမလား၊ ဒါမှမဟုတ် ရှေ့ဆက်မလားပေါ့။”

Photo Credit : The Independent

“ဘာလို့လဲဆိုတော့ ဒီရာသီက အတိတ်မှာ ကျန်ခဲ့ပါပြီ။ ပြီးဆုံးသွားပါပြီ။ ကျွန်တော်တို့ အချင်းချင်း တိုက်ခိုက်နေမလား ဒါမှမဟုတ် အတူတကွ စည်းလုံးပြီး ရှေ့ဆက်ကြမလား။ လွန်ခဲ့တဲ့ ခြောက်လက ကျွန်တော်တာဝန်ယူပြီး ပထမဆုံး(၃)ပွဲမှာ (၂)ပွဲနိုင် (၁)ပွဲသရေကျတုန်းက ကျွန်တော်ခင်ဗျားတို့ကို ပြောခဲ့ပါတယ်။ ‘မုန်တိုင်းဝင်တော့မယ်’ လို့။ ဒီနေ့ ဒီလို ဆိုးရွားလှတဲ့ ရာသီအပြီးမှာတော့ ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာက ‘နေ့ကောင်းတွေ ရောက်လာတော့မှာပါ’။”

“အတိတ်က ဘယ်လိုအခြေအနေမျိုး ဘယ်လိုဆိုးရွားမှုမျိုးကိုမဆို ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ သက်သေပြခဲ့တဲ့ ကလပ်အသင်းတစ်သင်း ကမ္ဘာပေါ်မှာ ရှိခဲ့မယ်ဆိုရင် အဲ့ဒါ ကျွန်တော်တို့ ကလပ်အသင်းပါပဲ။ မန်ချက်စတာ ယူနိုက်တက် ဘောလုံးကလပ်ပါ။ အခု ကျွန်တော့်ကစားသမားတွေကိုလည်း တောင်းပန်ချင်ပါတယ်။ တစ်ခါတစ်လေ ကျွန်တော် မမျှတခဲ့တာတွေ ရှိနိုင်ပေမယ့် ခင်ဗျားတို့အပေါ်မှာ အမြဲတမ်း ရိုးသားဖို့ ကြိုးစားခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ရာသီမှာ ပြန်တွေ့ကြပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။ အမော်ရင်ရဲ့ ကစားသမားတွေဟာ ရာသီကုန် အာရှခရီးစဉ်ကို မထွက်ခွာမီ နွေရာသီ အပြောင်းအရွှေ့ကာလကို အာရုံစိုက်ရတော့မှာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အဓိက ကစားသမား အဝင်အထွက် အများအပြား ရှိလာနိုင်ဖွယ်ရှိနေပါတယ်။