မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို (၁)ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်နည်းပြ ရူဘင် အမိုရင်ကတော့ သူ့ကစားသမားတွေရဲ့ ရဲရင့်တဲ့ ခြေစွမ်းအတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ခံအစွန်လူ ရီကာဒို ကာလာဖီအိုရီက သွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်တို့ ရာသီသစ်ကို ရှုံးပွဲနဲ့ စတင်ခဲ့ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အတွက် ဒီပွဲကနေ အကောင်းမြင်စရာတွေ ရှိခဲ့ပြီး ကစားသမားသစ်တွေဖြစ်တဲ့ ဘရိုင်ယန် အမ်ဘူမိုနဲ့ မားသီးယပ်စ် ကွန်ညာတို့ဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ခြေစွမ်းပြတောက်ပခဲ့ကြပါတယ်။

Photo Credit : Sky Sports

အန်ဒရေ အိုနာနာအစား ပွဲထွက်ခွင့်ရခဲ့တဲ့ ဂိုးသမား အယ်လ်တေး ဘာယင်ဒီယာကတော့ အာဆင်နယ်ရဲ့ဂိုးအတွက် အပြစ်တင်စရာဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးပေါက်မတွေ့ခဲ့ပါဘူး။ ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြအမိုရင်ကတော့ သူ့ကစားသမားတွေအတွက် ဂုဏ်ယူနေဆဲ ဖြစ်ပါတယ်။

Sky Sports နဲ့ တွေ့ဆုံရာမှာ သူက “ကျွန်တော် ကောင်လေးတွေအတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ပွဲတစ်လျှောက်လုံး သူတို့လုပ်ခဲ့တဲ့အရာတိုင်းမှာ အရမ်းရဲရင့်ခဲ့ကြတယ်။ ဒီခြေစွမ်းအတွက် သူတို့ကို ချီးကျူးပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး နောက်ပွဲအတွက် ရှေ့ဆက်ရပါမယ်။ ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးပြင်းပြင်းထန်ထန် ကစားနိုင်ခဲ့တယ်။ တစ်ယောက်ချင်းတွေ့တဲ့ အခြေအနေတိုင်းမှာ အကောင်းဆုံးကစားပြီး ဖိအားမြင့်ပေး ကစားနိုင်ခဲ့တယ်။ ဒါက ပြီးခဲ့တဲ့ရာသီနဲ့ လုံးဝကို ကွာခြားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Sky Sports

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကတော့ ပေးဂိုးနဲ့ပတ်သက်ပြီး ဂိုးသမား ဘာယင်ဒီယာဟာ ကာလာဖီအိုရီ ခေါင်းမတိုက်ခင်မှာ ပိတ်ဆို့ခြင်းခံခဲ့ရတယ်လို့ ယုံကြည်နေပြီး VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မကျေနပ်မှုတွေ ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာက ဒီနေ့ရဲ့ အဓိကအနုတ်လက္ခဏာပါပဲ။ ဂိုးသမားတစ်ယောက်ကို ထိပါးလိုက်လို့ သူခုန်လို့မရတော့ဘူးဆိုရင် ဒါက ဘာယင်ဒီယာအတွက် ခက်ခဲစေပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုအရာတွေကို အလွယ်တကူ ပြစ်ဒဏ်ဘောမပေးတတ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ကစားသမားတွေက ဘောလုံးကိုမကြည့်ဘဲ ပိတ်ဆို့တားဆီးရင် ပိုပြီး ပြစ်ဒဏ်ဘော သတ်မှတ်မယ်လို့ အစည်းအဝေးလုပ်ပြီး ပြောထားပေမယ့် ဒါက ပြောသာပြောတာ ဖြစ်နေပါတယ်။” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ စာရင်းအင်းတစ်ခုအရ ၂၀၂၃-၂၄ ရာသီအစကတည်းက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ဂိုးအများဆုံး (၃၁ ဂိုး) သွင်းယူထားပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ထောင့်ကန်ဘောကနေ ဂိုးအများဆုံး (၂၃ ဂိုး) ပေးထားရတဲ့ အသင်းဖြစ်ပါတယ်။ အမိုရင်ရဲ့အသင်းဟာ လာမယ့် စနေနေ့မှာတော့ ဖူလ်ဟမ်အသင်းကို ရင်ဆိုင်ဖို့ Craven Cottage ကွင်းဆီ သွားရောက်ရမှာဖြစ်ပြီး ရာသီရဲ့ ပထမဆုံးအမှတ်ကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။