မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့နည်းပြ ရူဘင် အမိုရင်က တနင်္ဂနွေနေ့က ဖူလ်ဟမ်အသင်းနဲ့ ၁-၁ နဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ သူ့ရဲ့ကစားသမားတွေအနေနဲ့ အများကြီး ရင့်ကျက်လာဖို့ လိုအပ်နေသေးကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပါတယ်။
Craven Cottage မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်တို့ဟာ ရိုဒရီဂို မူနစ်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် လူစားဝင်လာပြီး (၉၄)စက္ကန့်အကြာမှာပဲ အီမေးလ် စမစ်ရိုးက ဖူလ်ဟမ်အတွက် ချေပဂိုးပြန်လည် သွင်းယူသွားခဲ့တာကြောင့် ယူနိုက်တက်တို့အနေနဲ့ ၂၀၂၅-၂၆ ရာသီရဲ့ ပထမဆုံးနိုင်ပွဲနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။
Photo Credit : Goal
ပထမပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ပင်နယ်တီ လွဲချော်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ဧပြီလအစကတည်းက ပရီးမီးယားလိဂ်မှာ အမှတ်အနည်းဆုံး (၆ မှတ်) ရရှိထားတဲ့အသင်းဖြစ်နေပြီး တန်းဆင်းသွားတဲ့ လက်စတာစီးတီး (၈ မှတ်) ထက်တောင် အမှတ်နည်းနေတာ ဖြစ်ပါတယ်။
နည်းပြ အမိုရင်က BBC Radio 5 Live ကို “ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လိုကစားရမလဲဆိုတာကို မေ့သွားခဲ့ကြတယ်လို့ ထင်တယ်။ ကျွန်တော်တို့က နိုင်ပွဲကို အရမ်းလိုချင်နေကြတယ်။ ဂိုးသွင်းလိုက်တာနဲ့ ကွင်းထဲကလူတိုင်းက ‘ဒီအသာစီးကို ထိန်းထားပြီး ပွဲကိုနိုင်အောင်ကစားမယ်’ ဆိုပြီး တွေးလိုက်ကြတယ်။ ကျွန်တော့်အတွက်တော့ အဲ့ဒီအချိန်က ပွဲကိုပိုပြီး ပျော်မွေ့ပြီး ပြိုင်ဘက်ကို ဖိအားပိုပေးရမယ့် အချိန်ပါ။ ကျွန်တော်တို့က ပြိုင်ဘက်ကို ဖိအားမြင့်ပေးဖို့ ကြိုးစားရင်း နောက်မှာ နေရာလွတ်တွေ အများကြီး ပေးခဲ့ရတယ်။”
Photo Credit : Sky Sports
“အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ရင့်ကျက်ဖို့ အများကြီးလိုပါသေးတယ်။ အရေးကြီးဆုံးကတော့ ကစားသမားတွေ တစ်ပတ်လုံး ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ကြသလို ဒီနေ့မှာလည်း ကြိုးစားခဲ့ကြတာပါပဲ။ ကျွန်တော်တို့ တိုးတက်လာမှာပါ။ ပွဲကိုပြောင်းလဲသွားစေခဲ့တဲ့ အခိုက်အတန့်က ကျွန်တော်တို့ရဲ့ ဦးဆောင်ဂိုးပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက သူ့အသင်းဘက်ကို နစ်နာစေခဲ့တဲ့ VAR ဆုံးဖြတ်ချက်နှစ်ခုအပေါ် အလွန်စိတ်ပျက်နေခဲ့ပါတယ်။ ယူနိုက်တက် ပင်နယ်တီရရှိခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပြီး ဒိုင်လူကြီး ခရစ္စ ကာဗာနာဟာ ကယ်လ်ဗင် ဘက်ဆေးက မေဆင်မောင့်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး VAR ပြန်ကြည့်ကာ သူ့ရဲ့မူလဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ဂိုးမှာလည်း လန်နီ ယိုရိုက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆေးလ်ဗားက ယုံကြည်နေပါတယ်။ “ဒီနေ့ VAR ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး အကုန်ရှင်းပြချင်ပေမယ့် ကျွန်တော်ရှင်းပြလို့မရပါဘူး။ ထောင့်ကန်ဘောကနေ ဘောလုံးကို ခေါင်းတိုက်ဖို့ ကစားသမားတစ်ယောက်က နောက်တစ်ယောက်ကို တွန်းခဲ့တာကို အားလုံးမြင်မှာပါ။ စည်းမျဉ်းအတိုင်းသွားမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ ခင်ဗျားတို့သိမှာပါ။ ဒီလိုဆုံးဖြတ်ချက်မျိုးတွေ အမြဲတမ်း တစ်သမတ်တည်းဖြစ်စေချင်တယ်” လို့ သူက ဆိုပါတယ်။