မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် နဲ့ ပေါင်(၈၅.၅)သန်းတန် တောင်ပံကစားသမား အန်တိုနီတို့ကို ကလပ်အသင်းရဲ့ ရေရှည်အကျိုးအတွက် အသင်းကနေ (အငှားနဲ့) ထွက်ခွာစေခဲ့တာဖြစ်ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ အက်စတွန် ဗီလာအသင်းမှာ အငှားသွားကစားရင်း ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့ပြီး (၄)ဂိုးသွင်း (၅)ဂိုး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်က တံကောက်ကြော ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူနေရပြီ ဖြစ်ပါတယ်။ အန်တိုနီကတော့ စပိန်ကလပ် ရီးရဲလ် ဘက်တစ်မှာ ချက်ချင်းဆိုသလို ခြေစွမ်းပြပြီး ပရိသတ်အချစ်တော် ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ဘုန်းမောက်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာတော့ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် အမှတ်အနည်းဆုံးရတဲ့ ရာသီတစ်ခုနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိနေချိန်မှာ နည်းပြ အမော်ရင် စိတ်မပျော်မရွှင်ဖြစ်နေပုံရတဲ့ ဒီကစားသမားနှစ်ဦးကို အသင်းကနေ ထွက်ခွာစေဖို့ လိုအပ်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒီလို ထွက်ခွာခိုင်းတာဟာ ငွေကြေးအကျပ်အတည်း ရှိနေတဲ့ ကလပ်အသင်းအတွက် သူတို့နှစ်ယောက်ရဲ့ တစ်ပတ်လုပ်ခ စုစုပေါင်း ပေါင်(၅၀၀၀၀၀) ကို ချွေတာနိုင်ဖို့ တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ရှင်းပြခဲ့သလို နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ရန်ပုံငွေရရှိရေးအတွက် ဒီကစားသမားတွေကို ရောင်းထုတ်ဖို့ပါ ရည်ရွယ်ထားကြောင်း အမော်ရင်က ရှင်းလင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

“ကျွန်တော်တို့ အသင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ ဇန်နဝါရီတုန်းက ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ကျွန်တော်တို့ လက်လွတ်ခဲ့ရတယ်။ ကစားသမားသစ်တွေလည်း အစားထိုး မခေါ်ယူခဲ့ပါဘူး။ ဒါက စွန့်စားမှုတစ်ခုပါ။ ကျွန်တော်တို့က ပိုအရေးကြီးတဲ့ အရာတစ်ခုကို လုပ်ဆောင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ကျွန်တော်ထင်တာကတော့ ဒီရာသီမှာ ဂိုး(၁၀)ဂိုးလောက် ပိုသွင်းနိုင်တာထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ အခုချိန်မှာ အသင်းက သူတို့မရှိလို့ နာကျင်စေနိုင်ပေမယ့် အနာဂတ်မှာ ကလပ်အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ယုံကြည်ပါတယ်” လို့ အမော်ရင်က ဆိုပါတယ်။

အမော်ရင်က ဒီကစားသမားတွေကို အငှားချတဲ့ကိစ္စဟာ သူ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာ ဂျေဆင် ဝေးလ်ကော့စ်ရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့လည်း အလေးပေး ပြောကြားခဲ့ပါတယ်။ “ဒါက ကျွန်တော့်ရဲ့ စိတ်ကူးပါ။ ဒါပေမယ့် အသင်းကို ကူညီဖို့ ကြိုးစားခဲ့တာပါ။ တစ်ခါတစ်လေ ကစားသမားတွေကို ကူညီဖို့ဆိုတာ မတူညီတဲ့ နည်းလမ်းတွေ လိုအပ်ပါတယ်” လို့ အမော်ရင်က ထပ်လောင်း ပြောပါတယ်။