စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်ရှိနည်းပြ ဇာဗီနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ ပစ်မှတ်နည်းပြ ဖြစ်သူ စပို့တင်း လစ္စဘွန်းနည်းပြချုပ် အမိုရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၉နှစ် အရွယ် ပေါ်တူဂီနည်းပြ အမိုရင်က ၂၀၂၀ခုနှစ်မှ စတင်ကာ စပို့တင်း လစ္စဘွန်းကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက စပို့တင်း လစ္စဘွန်းကို ၄ရာသီနီးပါး ကိုင်တွယ်ခဲ့ရာမှာ အသင်းအတွက် ပေါ်တူဂီလိဂ်ဖလား ၁လုံး ၊ ပေါ်တူဂီ စူပါဖလား ၁လုံး ၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၁လုံး စုစုပေါင်း ဆုဖလား ၃လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ရူဘင် အမိုရင်က တိုက်စစ်အားသန် နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ စပို့တင်း လစ္စဘွန်းက ကြယ်ပွင့် ကစားသမားတွေ မရှိပဲနဲ့ ပြည်တွင်းမှာ ပေါ်တို ၊ ဘင်ဖီကာ စတဲ့ အင်အားကြီးအသင်းတွေကို ယှဉ်ပြိုင်နိုင်သလို ဥရောပပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေပါတယ်။

ဒါကြောင့်ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြချုပ်တွေနဲ့ အသီးသီး လမ်းခွဲကြတော့မယ့် ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးနဲ့ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့က ရာသီကုန်ချိန်မှာ အမိုရင်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယခုနှစ် ရာသီကုန်ချိန်မှာ လက်ရှိနည်းပြချုပ် ဇာဗီနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ရူဘင် အမိုရင်ကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလာပြီး ဘာစီလိုနာဟာ အမိုရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက အမိုရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပေမယ့် ပေါ်တူဂီအခြေစိုက် သတင်းရင်းမြစ်တွေကတော့ လီဗာပူးဟာ အမိုရင်ရဲ့ အသင်းသစ် ဖြစ်လာဖို့ အနီးစပ်ဆုံး ဖြစ်နေပြီး စပို့တင်း လစ္စဘွန်းက အမိုရင်အတွက် နစ်နာကြေး ယူရို ၁၅သန်း ဝန်းကျင် လိုချင်နေကြောင်း ဖော်ပြထားကြပါတယ်။