မနေ့က မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၄/၂၅ ရာသီအတွက် ကလပ်ရဲ့ တရားဝင် Yearbook (နှစ်ချုပ်စာအုပ်)ကို အသင်းဝင်တွေနဲ့ ရာသီပွဲစဉ်လက်မှတ် ဝယ်ယူထားသူတွေကို ပေးပို့ခဲ့ပါတယ်။ နည်းပြရူဘင် အမ်မိုရမ်က သူတာဝန်ယူခဲ့တဲ့ ပထမဆုံး လအနည်းငယ်အကြောင်းကို ပြန်ပြောင်းပြောဆိုရင်း လာမယ့်ရာသီအတွက် သူ့ရဲ့ ရည်မှန်းချက်တွေကို ဝေမျှခဲ့ပါတယ်။
“ဘောလုံးနဲ့ ဆက်စပ်နေသူတိုင်း ကစားသမားတွေ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအတွက် ရာသီသစ်ရဲ့အစဟာ စိတ်လှုပ်ရှားမှုနဲ့ အကောင်းမြင်စိတ်တွေ ပြည့်ဝနေတဲ့ အချိန် ရှေ့ကိုမျှော်ကြည့်ဖို့ အခိုက်အတန့်ပါပဲ။” လို့ အမ်မိုရမ်က ရေးသားခဲ့ပါတယ်။
Photo Credit : Goal
“ပြီးခဲ့တဲ့ရာသီက ဖြစ်ခဲ့တာတွေကို လုံးဝမေ့ပစ်ဖို့ ဒါမှမဟုတ် လျစ်လျူရှုဖို့ မသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ခက်ခဲတဲ့အချိန်တွေကနေ အဖိုးတန်တဲ့ သင်ခန်းစာတွေ ရယူနိုင်ပြီး ကျွန်တော်တို့ ပိုမိုကောင်းမွန်လာနိုင်မယ့် အလားအလာတွေကို သတိပေးခဲ့တဲ့ ကောင်းမွန်တဲ့ အချိန်တွေကနေ စိတ်ဓာတ်ခွန်အားတွေ ရယူနိုင်လို့ပါပဲ။” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီရဲ့ စိန်ခေါ်မှုတွေကို ပြန်ပြောင်းပြောဆိုရင်း ကလပ်ဟာ လုပ်ငန်းလည်ပတ်ပုံကို ပြောင်းလဲဖို့ ကြိုးစားတဲ့ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် “စိတ်ပျက်စရာနဲ့ နာကျင်မှု”တွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ အမ်မိုရင်က ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံတွေက ၂၀၂၄/၂၅ ရာသီကို ဦးတည်နေတဲ့အဖွဲ့ကို ပိုမိုခိုင်မာတဲ့ အနေအထားမှာ ရောက်ရှိစေခဲ့တယ်လို့ သူက ယုံကြည်ပါတယ်။
Photo Credit : Goal
“ပြီးခဲ့တဲ့ ၈ လတာကာလအတွင်း ကျွန်တော် သင်ယူခဲ့ရတဲ့ အရာအားလုံးနဲ့ ကစားသမားတွေက ကျွန်တော့်ရဲ့ မျှော်မှန်းချက်တွေကို နားလည်ထားတာကြောင့် ကျွန်တော် ဒီနွေရာသီမှသာ ရောက်ရှိလာခဲ့မယ်ဆိုရင် ရှိနေမယ့် အနေအထားထက် အခုဆိုရင် အများကြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေပါတယ်။” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမ်မိုရမ်ဟာ ကလပ်ရဲ့ အမှတ်လက္ခဏာနဲ့ ပရိသတ်တွေအကြောင်းကိုလည်း စိတ်အားထက်သန်စွာ ပြောဆိုခဲ့ပါတယ်။ “ကျွန်တော် သင်ယူခဲ့ရတဲ့ အဓိကအချက်တွေထဲက တစ်ခုက ဒီဘောလုံးကလပ်ဟာ ဘယ်လောက် မှော်ဆန်သလဲ၊ သူ့ရဲ့ ပရိသတ်တွေက ဘယ်လောက် ထူးခြားသလဲဆိုတာပါပဲ။ မန်ချက်စတာ ယူနိုက်တက်ကို သူ့နေရာမှန် ပြန်ရောက်အောင် ကူညီပေးဖို့ ကျွန်တော် တာဝန်ကြီးကြီးမားမား ခံစားရပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ နောက်ဆုံးပွဲစဉ်အပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းထဲမှာ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ပိုမိုကောင်းမွန်တဲ့နေ့ရက်တွေ လာတော့မယ်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ရေရှည်ရည်မှန်းချက်တွေ အားလုံးကို အောင်မြင်အောင် လုပ်နိုင်မယ်လို့ ကတိမပေးနိုင်ပေမဲ့၊ အဲဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမယ်လို့တော့ ကတိပေးနိုင်ပါတယ်။” လို့ အမ်မိုရမ်က ပြောကြားခဲ့ပါတယ်။