မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြရူဘင် အမိုရင်က ကလပ်အသင်းရဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင် ဆက်စ်ကို ကို ခေါ်ယူခဲ့ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းကို ရှင်းပြခဲ့ပြီး သူ့ကို ကြီးမားတဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားအဖြစ် ချီးကျူးပြောကြားလိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ သူတို့ရဲ့ ရေရှည်ပစ်မှတ်ဖြစ်တဲ့ အသက်(၂၂)နှစ်အရွယ် ဆက်စ်ကို ကို နယူးကာဆယ်အသင်းထက် လက်ဦးမှုရယူကာ လိုက်ပ်ဇစ်အသင်းကနေ ပေါင်(၇၄)သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရုန်းကန်နေရတဲ့ တိုက်စစ်ပိုင်းကို အလုံးစုံ ပြောင်းလဲမှုပြုလုပ်နေပြီး ဒီနွေရာသီမှာ မားသီးယပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။
Photo Credit : ESPN
ဖီအိုရင်တီးနားအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ အမိုရင်က သူ့ရဲ့နောက်ဆုံးခေါ်ယူမှုဖြစ်တဲ့ ဆက်စ်ကိုအတွက် အခုလို ချီးကျူးစကားဆိုခဲ့ပါတယ်။”သူ့မှာ ကျွန်တော်တို့လိုအပ်တဲ့ အရည်အသွေးတွေ ရှိပါတယ်။ ကျွန်တော်တို့ရထားတဲ့ အချက်အလက်တွေအရဆိုရင် သူက အလုပ်အရမ်းကြိုးစားလွန်းလို့တောင် တားယူရမယ့် ကစားသမားမျိုးပါ။ ဒါကလည်း အရေးကြီးတဲ့အချက်တစ်ချက်ပါပဲ။”
“သူက အရမ်းငယ်ပါသေးတယ်။ လေထဲကဘောလုံးတွေမှာ ကောင်းမွန်သလို ပြေးလမ်းကြောင်းရှာဖွေမှုမှာလည်း ထူးချွန်တယ်။ ဘောလုံးနဲ့အတူ ကစားရတာလည်း ကောင်းမွန်ပါတယ်။ ဒါကြောင့် သူ့မှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ ကျွန်တော်ထင်တယ်။”
Photo Credit : Yen News
“သူ အများကြီး ပိုတိုးတက်လာနိုင်ပြီး ကျွန်တော်တို့ကလပ်မှာ အိမ်မှာလို ခံစားရမှာ သေချာပါတယ်။ သူဟာ ဒီအစုအဖွဲ့ထဲမှာ ရှိသင့်တဲ့ မှန်ကန်တဲ့ စိတ်ဓာတ်ပိုင်ရှင်ပါ။ သူ့ကိုရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ တကယ်ကို အရမ်းပျော်ရွှင်မိပါတယ်” လို့ အမိုရင်က ပြောကြားခဲ့ပါတယ်။
ဆက်စ်ကို ကို အိမ်ကွင်းပရိသတ်တွေရှေ့မှာ မိတ်ဆက်ပြသခဲ့ပြီးနောက် ကစားခဲ့တဲ့ အဆိုပါခြေစမ်းပွဲမှာ ယူနိုက်တက်ဟာ ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာ ပါဝင်ကစားနေတဲ့ ဖီအိုရင်တီးနားအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ပွဲအပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ အနိုင်ရရှိခဲ့ပါတယ်။