မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်က အသင်းဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက သူ့ကို အသင်းအတွက် လူမှန်မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ရင် လျော်ကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းကနေ နုတ်ထွက်ဖို့ အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အလွန်ဆိုးရွှားလှတဲ့ ရာသီဟာ မနေ့ညက ဆန် မားမက်စ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ် ဟော့စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အခြေအနေတွေက ပိုမို ဆိုးရွားသွားခဲ့ပါတယ်။ ခံစစ်နဲ့ ဂိုးသမားတို့ရဲ့ အမှားကနေ ဘရန်နန် ဂျွန်ဆင် သွင်းယူခဲ့တဲ့ ဂိုးတစ်ဂိုးနဲ့ပဲ ယူနိုက်တက်အတွက် ဆုဖလားလက်မဲ့ရာသီ ဖြစ်စေခဲ့သလို လာမယ့်ရာသီအတွက်လည်း ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီထက် ပိုဆိုးတာကတော့ ပရီးမီးယားလိဂ်မှာ (၁)ပွဲသာ ကစားဖို့ကျန်တော့တဲ့အချိန် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)မှာတောင် ရပ်တည်နေပြီး အကောင်းဆုံးအနေနဲ့ အဆင့်(၁၄)အထိသာ တက်လှမ်းနိုင်တော့မှာ ဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့လည်း အမှတ်(၂၇)မှတ်အထိ ကွာဟနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အမော်ရင်က အသင်းအခြေအနေကို ပြောင်းလဲဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ အသင်းရဲ့အကြီးအကဲတွေက သူဟာ ဒီအလုပ်အတွက် သင့်တော်သူမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ လျော်ကြေးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားနေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အမော်ရင်က “အခုအချိန်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ်ပြောဆိုနေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်စတိုင်လ်မဟုတ်ဘူး။”

Photo Credit : Sky Sports

“ပရိသတ်တွေကို ပြစရာ ဘာမှမရှိပါဘူး။ ဒီအခြေအနေကြောင့် တိုးတက်လာအောင်လုပ်မယ်လို့ပဲ ပြောချင်ပါတယ်။ အခုအချိန်မှာတော့ ယုံကြည်မှု နည်းနည်းတော့ လိုအပ်ပါတယ်။ ကျွန်တော် ဒီကိုမလာခင်ကတည်းက ပြောခဲ့သလိုပါပဲ။ ကျွန်တော်အမြဲတမ်း ပွင့်လင်းပါတယ်။ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော်ဟာ မှန်ကန်တဲ့လူ မဟုတ်ဘူးလို့ ခံစားရရင် လျော်ကြေးကိစ္စ ဘာမှမပြောဘဲ နောက်ရက်ပိုင်းအတွင်း ထွက်သွားပါ့မယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အလုပ်ထွက်မှာတော့ မဟုတ်ပါဘူး။ ထပ်ပြောရရင် ကျွန်တော့်အလုပ်အပေါ် ယုံကြည်မှုအပြည့်ရှိပြီး လုပ်ကိုင်ပုံတွေကိုလည်း ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ခင်ဗျားတို့ကို အမြဲတမ်း ရိုးရိုးသားသား ပြောခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ခင်ဗျားတို့အပေါ် ရိုးသားတယ်လို့ ထင်ပါတယ်။ အပြန်အလှန်လည်း ဒီလိုပဲ မျှော်လင့်ပါတယ်။ အရင်တုန်းက တချို့ပွဲတွေမှာ ကျွန်တော်တို့ အရမ်းညံ့ခဲ့တယ်လို့ ပြောခဲ့ဖူးပေမယ့် ဒီနေ့ပွဲကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ဈေးကွက်အတွက် ကျွန်တော်တို့မှာ အစီအစဉ်နှစ်မျိုးရှိပါတယ်။ ကျွန်တော်တို့လို အသင်းမျိုး ချန်ပီယံလိဂ်မဝင်ရတာ ခက်ခဲတယ်ဆိုတာ နားလည်ရပါမယ်။ ဒါပေမဲ့ နောက်တစ်ဖက်ကကြည့်ရင် အချိန်ပိုရလာတဲ့အတွက် တစ်ပတ်အတွင်း စဉ်းစားချိန်ပိုရပြီး ပရီးမီးယားလိဂ်မှာ ပိုကောင်းအောင်လုပ်နိုင်ပါမယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်ဖြစ်ပါလိမ့်မယ်” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။