အက်စတွန် ဗီလာအသင်းကို ဗီလာပါ့ခ်ကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောက ဒဏ်ရာကြောင့် ပွဲကို ဆက်မကစားနိုင်တော့သလို လာမယ့် လူတန်နဲ့ပွဲကိုပါ လွဲချော်သွားရဖွယ်လည်း ရှိနေပါတယ်။

အဲ့ဒီပွဲစဉ်မှာ လုခ်ရှောက ပထမပိုင်းအပြီးမှာ နည်းပြ အဲရစ် တန်ဟက်ဂ်ကို သူ နာကျင်မှုတချို့ ခံစားနေရတယ်လို့ အသိပေးလာခဲ့တာကြောင့် လုခ်ရှော ဒဏ်ရာ ထပ်မံ ရရှိသွားမှာ စိတ်ပူတဲ့အတွက်ကြောင့် တန်ဟက်ဂ်က လုခ်ရှောနေရာမှာ လင်ဒီလော့ဖ်နဲ့ လူစားလဲလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit : Stretty News

အသက် (၂၈)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ လုခ်ရှောက ဒဏ်ရာတွေနဲ့ လုံးပန်းခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ၂၀၂၃ သြဂုတ်လကနေ နိုဝင်ဘာလအထိကိုလည်း ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရသလို ယူနိုက်တက်ရဲ့ ပွဲပေါင်း (၁၆)ပွဲအထိပါ လွဲချော်ထားခဲ့ရပါတယ်။

လက်ရှိမှာလည်း လုခ်ရှောရဲ့ ကြံခိုင်မှု အခြေအနေက သေချာမသိရသေးသလို နောက်ထပ် ဘယ်နောက်ခံလူ မာလာစီယာကလည်း ဒဏ်ရာကနေ အခုထိ မသက်သာသေးတာကြောင့် ယူနိုက်တက်အတွက် လူငယ် ကစားသမားတွေထဲက တစ်ဦးဦးကို ရွေးချယ်ရနိုင်ပါတယ်။

Photo Credit : Getty Images

အခုလတ်တလောမှာတော့ ယူနိုက်တက် ယူ-၁၈အသင်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေတဲ့ အသက် (၁၆)နှစ်အရွယ် ဘယ်နောက်ခံကစားသမားလေး ဟယ်ရီ အာမတ်စ်က ယူနိုက်တက် စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတာ တစ်ပတ်လောက်တောင် ရှိနေပြီဖြစ်ပြီး အခုလည်း အာမတ်စ်အတွက် အခွင့်အရေးကြီးတစ်ခု ရရှိလာနိုင်ပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲမှာ လူငယ် ကစားသမား အများအပြားကို အငှားချခဲ့ပေမယ့် တကယ့်ကို အရည်အသွေးမြင့် လူငယ်လေးတွေကို နေရာပေးခဲ့ပြီး အခုဆိုလည်း ကိုဘီ မိန်းနူးက ယူနိုက်တက်ရဲ့ အရေးပါတဲ့ ကစားသမားပါ ဖြစ်လာပါတယ်။ ဒီလိုပဲ အာမတ်စ်လည်း သူ့အတွက် အခွင့်အရေးကြီး တစ်ခုအဖြစ် လူတန်နဲ့ပွဲစဉ်မှာ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားလာရနိုင်ဖွယ် ရှိနေပါတယ်။