ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ နယူးကာဆယ်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သူ အမန်ဒါ စတာဗယ်လီက မကြာခင်မှာ ဆော်ဒီ ထိပ်သီးကလပ်တွေကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်တွေ့ရလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခိုင်အမာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အမန်ဒါ စတာဗယ်လီက ဗြိတိန်အခြေစိုက် ကုမ္ပဏီ ဖြစ်တဲ့ Cantervaleရဲ့ အဓိက ရှယ်ယာရှင် ဖြစ်ပြီး သူမရဲ့ Cantervale Companyက ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံ ကုမ္ပဏီ ဖြစ်တဲ့ Public Investment Fund (PIF)နဲ့ လက်တွဲကာ နယူးကာဆယ်ကို ဝယ်ယူထားတာပါ။ အမန်ဒါ စတာဗယ်လီက နယူးကာဆယ်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သလို အရှေ့အလယ်ပိုင်းဒေသရဲ့ နာမည်ကြီး အဖွဲ့အစည်းတွေနဲ့ အကျွမ်းတဝင် ရှိပြီး သူမက ဆော်ဒီလိဂ်ဆီ နာမည်ကြီး ကစားသမားတွေ ပြောင်းရွှေ့အောင် နောက်ကွယ်ကနေ ကူညီပေးနေသူလို့လည်း နာမည်ကြီးပါတယ်။

Photo Credit: Sky Sports

လတ်တလောမှာ ဆော်ဒီအားကစားဝန်ကြီးဌာနရဲ့ ထောက်ပံ့ပေးမှုနဲ့ ဆော်ဒီထိပ်သီးကလပ်တွေက ကမ္ဘာကျော် ကစားသမား အများအပြားကို ဆော်ဒီလိဂ်ဆီ ခေါ်ယူထားနိုင်ပြီး ရိုနယ်ဒို ၊ နေမာ ၊ ဘန်ဇီမာ ၊ မာနေး ၊ မာရက်ဇ် စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ အပြင် အခြား နာမည်ကျော် ကစားသမား အများအပြားက ဆော်ဒီလိဂ်မှာ ကစားနေကြပါပြီ။

ရိုနယ်ဒို ၊ နေမာ ၊ ဘန်ဇီမာတို့လို ဘောလုံးလောက တခုလုံးမှာ အထင်ပေါ်ဆုံး ဘောလုံးသမားတွေက ဆော်ဒီလိဂ်မှာ ကစားနေကြတာကြောင့် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ဘောလုံးပရိသတ် အများအပြားက ဆော်ဒီလိဂ်ကို စောင့်ကြည့် အားပေးလာကြပြီး ဆော်ဒီလိဂ်ဟာ ကမ္ဘာပေါ်မှာ ကြည့်ရှုသူ အများဆုံး ဘောလုံးလိဂ် ၁၀လိဂ် စာရင်းထဲတောင် ဝင်ထားပါတယ်။

Photo Credit: Mirror

ဆော်ဒီအားကစားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက သူတို့လိဂ်ရဲ့ ပရိသတ်အင်အား တိုးပွားလာမှုကို သဘောကျနေပေမယ့် တဖက်မှာလည်း သူတို့လိဂ်ရဲ့ ပုံရိပ်ကို နောက်တဆင့် ထပ်မြှင့်ဖို့ ကြိုးစားနေပြီး ဆော်ဒီအားကစားဝန်ကြီးဌာနရဲ့ ပစ်မှတ်ကတော့ ဆော်ဒီလိဂ်ရဲ့ ထိပ်သီးကလပ်တွေကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့် ရအောင် လုပ်ပေးဖို့ပါပဲ။

လက်ရှိမှာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ စီဖာရင်က သူ ရှိနေသရွေ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆော်ဒီကလပ်တွေ အတွက် နေရာ မရှိဘူးလို့ ကြွေးကြော်ထားပေမယ့် နယူးကာဆယ်ရဲ့ ပူးတွဲပိုင်ရှင် အမန်ဒါကတော့ မကြာခင်မှာ ဆော်ဒီကလပ်တွေကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်ရတော့မယ်လို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ အမန်ဒါက – “မကြာခင်မှာ ဆော်ဒီအသင်း တသင်းက ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ကစားပါလိမ့်မယ်။ ကျွန်မက အဲ့ဒါကို အခိုင်အမာ ပြောနိုင်ပါတယ်။ ဘယ်အချိန်မှာ ဝင်ကစားမလဲ ဆိုတာ အတိအကျ မသိသေးပေမယ့် ကျွန်မက ဆော်ဒီနိုင်ငံရဲ့ အကြောင်းကို ခရေစေ့တွင်းကျ သိထားသူမို့လို့ သိပ်မကြာခင်မှာပဲ ဆော်ဒီအသင်း တသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မြင်ရလိမ့်မယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။