ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ချန်ပီယံရှစ်ကလပ် ဆန်းဒါးလန်းဆီ အငှားနဲ့ သွားရောက် ကစားကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ်ကြယ်ပွင့် အာမတ် ဒီရယ်လိုကတော့ သူဟာ လာမယ့်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်ကာ အသင်းအတွက် ပုံမှန် ကစားပေးနိုင်တဲ့ ကစားသမား တဦး ဖြစ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် လူငယ်ကြယ်ပွင့် အာမတ်က ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဆန်းဒါးလန်း အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အာမတ်ရဲ့ စွမ်းဆောင်ရည်က လူငယ်ကြယ်ပွင့် တဦး အတွက် အတော်လေးကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့က သူ့ကို လာမယ့်ရာသီမှာ အသင်းဆီ ပြန်ခေါ်ကာ အသုံးပြုဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိ မန်ချက်စတာ ယူနိုက်တက်ရဲ့ ညာတောင်ပံမှာ အန်တိုနီနဲ့ ဆန်ချိုတို့လို အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတာကြောင့် အာမတ်က သူတို့နှစ်ဦးကို ကျော်ဖြတ်ကာ နေရာရဖို့ ခက်ခဲနိုင်ပေမယ့် အာမတ်ကတော့ သူဟာ ယူနိုက်တက် အတွက် အကောင်းဆုံး ပေးဆပ် ကစားသွားဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

အာမတ်က – “ကျွန်တော်က အခုချိန်အထိ ယူနိုက်တက်မှာ အကောင်းဆုံး ခြေစွမ်းတွေ မထုတ်ပြရသေးပါဘူး။ ဒါပေမယ့် လာမယ့်ရာသီမှာ ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်ပြီး ကျွန်တော့်ရဲ့ အရည်အသွေးတွေကို သက်သေပြခွင့် ရဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ အိမ်မက်က မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရတဲ့ ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသချင်တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။