ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ဒူးဒဏ်ရာကြောင့် ၄လကျော်ကြာ အနားယူနေရတဲ့ လူငယ်ကြယ်ပွင့် အာမတ် ဒီရယ်လိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ပြီလို့ တရားဝင် ထုတ်ပြန် ကြေညာလာပါတယ်။

အသက် ၂၁နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အာမတ် ဒီရယ်လိုက ၂၀၂၁ခုနှစ်မှာ စီးရီးအေကလပ် အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၁.၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

Photo Credit: Goal

အာမတ် ဒီရယ်လိုက အလားအလာ ရှိတဲ့ လူငယ်ကြယ်ပွင့် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ပွဲထွက်ခွင့် မပေးနိုင်ချိန်မှာ ရိန်းဂျား ၊ ဆန်းဒါးလန်း စတဲ့ အသင်းတွေဆီ အငှား စေလွှတ်ကာ ကစားစေခဲ့ပြီး အာမတ်ကလည်း ရောက်တဲ့ အသင်းတိုင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

အာမတ် ဒီရယ်လိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဆန်းဒါးလန်းဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့ရာ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တနှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရခဲ့တဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Reuters

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်က ဒီရာသီမှာ ဒီရယ်လိုကို အငှားမချတော့ပဲ အသင်းမှာသာ သုံးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အာမတ် ဒီရယ်လိုက ကံမကောင်းစွာနဲ့ပဲ ရာသီကြို ခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ၄လကျော်ကြာ နားခဲ့ရပါတယ်။

အခုချိန်မှာတော့ အာမတ် ဒီရယ်လိုက ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းကြီးနဲ့ပါ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်တာကြောင့် မနက်ဖြန်ညမှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘုန်းမောက် ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းထဲ ပြန်လည် ပါဝင်လာဖွယ် ရှိပါတယ်။