မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား အာမတ် ဒီယာလိုက အိုးလ်ထရက်ဖို့ဒ်မှာ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက်(၂၃)နှစ် ပြည့်တော့မယ့် အိုင်ဗရီကို့စ် လက်ရွေးစင် အာမတ်အတွက် ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ အချိန်တွေ အများကြီး ရှိနေပါသေးတယ်။ သူ့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေဟာ ဒီအဆင့်ရောက်ဖို့ လမ်းတစ်လျှောက် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ယူနိုက်တက်ဆီ ရောက်ရှိလာတဲ့ အာမတ်ဟာ အစပိုင်းတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ခြေချဖို့ အခက်အခဲရှိခဲ့တာကြောင့် ရိန်းဂျားစ်နဲ့ ဆန်းဒါးလန်းတို့မှာ အငှားထွက်ကစားခဲ့ရပါတယ်။ အငှားသွားကစားတဲ့ အသင်းတွေမှာ ခြေစွမ်းပြခဲ့ပေမယ့်လည်း ဒဏ်ရာတွေနဲ့ နည်းပြတွေဆီက ယုံကြည်မှု မရရှိခဲ့တာတွေက သူ့ကို တိုးတက်မှုကို နှောင့်နှေးစေခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် ၂၀၂၄-၂၅မှာတော့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ ယုံကြည်မှု ရရှိလာပြီး ပွဲထွက်ခွင့်တွေ ပိုရလာခဲ့ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်အထိ အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၄၁)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့ပါတယ်။ တန်ဟက်ဂ်နဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကို အခွင့်အရေး မပေးဘဲ မေ့ထားခဲ့တဲ့အပေါ် စိတ်ရှည်ခဲ့ရပုံကို Manchester Evening News ကို အခုလို ပြောပြခဲ့ပါတယ်။

“ဒီကလပ်အတွက် ကစားနိုင်ကြောင်း ပြသဖို့ ကျွန်တော် ပွဲထွက်ကစားခွင့် လိုအပ်ပါတယ်။ အဲဒီအချိန်တုန်းက နည်းနည်း စိတ်ပျက်မိတာပေါ့။ ဘာလို့လဲဆိုတော့ တချို့အချိန်တွေမှာ ကိုယ် ကစားခွင့်ရသင့်တယ်လို့ ထင်ရပေမယ့် မရခဲ့ဘူးလေ။ ဒါမျိုးဆို နည်းနည်း စိတ်ပျက်မိတာပေါ့။ ဒါပေမယ့် အခုတော့ နည်းပြက ကျွန်တော့်ကို ယုံကြည်လာပါပြီ။ ကျွန်တော့်ရဲ့ စွမ်းရည်ကို ယုံကြည်လာပါပြီ။ နည်းပြရဲ့ ယုံကြည်မှုကို ကွင်းထဲရောက်တိုင်း ပြန်ဆပ်ဖို့ ကြိုးစားနေပါတယ်။”

Photo Credit : Goal

“ရိုးရိုးသားသား ပြောရရင် နည်းပြ အဲရစ်(တန်ဟက်ဂ်)က ကျွန်တော့်ကို အများကြီး ကူညီခဲ့ပါတယ်။ ကျွန်တော် ကစားခွင့် မရတဲ့အချိန်တွေမှာတောင် အကြံဉာဏ်တွေ အများကြီး ပေးခဲ့ပါတယ်။ ပွဲမကစားရရင်တောင် အရမ်းကြိုးစားပြီး လေ့ကျင့်ဖို့ သူ အမြဲပြောခဲ့တယ်။ ဒါက နည်းပြတစ်ယောက်က ပွဲမကစားရရင်တောင် ကြိုးစားပြီး လေ့ကျင့်ဖို့ အမြဲပြောနေတယ်ဆိုရင် ဒါ အရေးကြီးဆုံးပါပဲ။ ဒါကြောင့် ကျွန်တော် အရမ်းကြိုးစားပြီး လေ့ကျင့်ခဲ့ပါတယ်။ ဒီရာသီအစောပိုင်းမှာ နည်းပြနဲ့အတူ ပွဲတွေ အများကြီး ကစားခဲ့ရတယ်လို့ ထင်ပါတယ်။ သူပေးခဲ့တဲ့ အခွင့်အရေးအတွက် သူ့ကို ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ်။ သူ့အတွက် အကောင်းဆုံး ဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ကျွန်တော့်ရဲ့ စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်။ ပွဲတိုင်း အကောင်းဆုံး ပေးဆပ် ကစားဖို့ပဲ လိုပါတယ်။ ဒါပါပဲ။ ကျွန်တော့်ရဲ့ စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်။” လို့ အာမတ်က ပြောဆိုသွားခဲ့ပါတယ်။

အာမတ်ကို ဘယ်နေရာမှာ အတည်တကျထားမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် လိုအပ်တဲ့ ဘယ်နေရာမှာမဆို ကစားဖို့ ဆန္ဒရှိကြောင်း “ရိုးရိုးသားသားပြောရရင် ကျွန်တော် သီးသန့်နေရာ တစ်ခုကို ပိုကြိုက်တာမျိုး မရှိပါဘူး။ ကျွန်တော်က ကစားရတာကို ကြိုက်တဲ့ ကစားသမားပါ။ ဘယ်နေရာမှာ ကစားဖို့မဆို အသင့်ရှိပါတယ်။ ဒါကြောင့် နည်းပြက ကျွန်တော့်ကို Right Wing-back နေရာမှာ ထားချင်ရင်လည်း အဲဒီမှာ ပိုပျော်ပျော်ရွှင်ရွှင် ကစားပါမယ်။ ဒါမှမဟုတ် နံပါတ် ၁၀ နေရာပေါ့။ သီးသန့်နေရာကို ပိုကြိုက်တာမျိုး မရှိပါဘူး။ နည်းပြနဲ့ သူ့ရဲ့ ကစားဟန်ကို လိုက်နာချင်ရုံပါပဲ။ Right wing-backညာဘက် နေရာနဲ့ တိုက်စစ်ကွာခြားချက်က ဘာလဲဆိုတော့ နောက်ကို လိုက်ဆင်းရတယ် ခံစစ်သမား ပုံစံမျိုး ဖြစ်တယ်။ ခံစစ် ပိုဆန်တယ်။ တိုက်စစ်လည်း ဆင်ရတယ်။ နံပါတ်(၁၀)ကတော့ တိုက်စစ်ဆန်တဲ့ ကစားသမား ပိုဖြစ်တယ်။ ကွာခြားချက်က ဒါပါပဲ။ ဒါပေမယ့် ကျွန်တော် အားလုံးအတွက် အသင့်ရှိပါတယ်။” လို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။