မန်ချက်စတာ စီးတီးအသင်းဟာ လတ်တလောမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား ဂျူလီယန် အဲလ်ဗာရက်ဇ်နဲ့ ပတ်သက်ပြီး အဲလ်ဗာရက်ဇ်ကိုယ်တိုင် အသင်းကနေ ထွက်ခွာခွင့် တောင်းပြီး ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အဲလ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း အသင်းအတွက် (၂)ရာသီအတွင်း ပွဲပေါင်း (၁၀၃)ပွဲအထိ ကစားပြီး ဖလားပေါင်းစုံ သိမ်းပိုက်နိုင်ခဲ့ပေမယ့် ပွဲအများစုမှာတော့ ဟာလန်းရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်သာ ကစားနေရပါတယ်။

Photo Credit : Opta Analyst

အဲလ်ဗာရက်ဇ်အနေနဲ့ကလည်း မန်စီးတီးမှာ ကစားရတာကို သဘောကျနေပေမယ့်လည်း အမြဲတမ်း ပွဲကစားခွင့်တွေ ပိုမို အလိုရှိလာတဲ့အတွက် အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုလံပစ်ပြိုင်ပွဲ ကစားခွင့်မပြုတဲ့အပေါ် အဲလ်ဗာရက်ဇ်နဲ့ စီးတီးနည်းပြ ဂွာဒီယိုလာတို့ကြားမှာလည်း မပြေလည်မှုတွေပါ ရှိခဲ့ရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အဲလ်ဗာရက်ဇ်ကို ပီအက်စ်ဂျီ အသက်လက်တီကိုနဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလို့နေပြီး အသက်လက်တီကိုဆိုရင်လည်း အငှား ကမ်းလှမ်းမှုပါ ပြုလုပ်ထားပေမယ့် ပယ်ချခံခဲ့ရပါတယ်။ မန်စီးတီးဘက်က အဲလ်ဗာရက်ဇ်အတွက် ဘယ်အငှား ကမ်းလှမ်းချက်ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ တုုံ့ပြန်ထားပါသေးတယ်။

 

Photo Credit : Transfermerket

တိုက်စစ်မှူး နောက်ချန်တိုက်စစ်နဲ့ တောင်ပံနေရာတွေထိ လိုက်ပါကစားနိုင်တဲ့ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအတွက် ပါဝင်ကစားထားခဲ့တဲ့ (၁၀၃)ပွဲမှာ (၃၆)ဂိုးသွင်းယူရင်း (၁၈)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးကို အသင်းကနေ အလွယ်တကူ လက်လွတ်မသွားချင်ပဲ သူတို့အသင်းနဲ့ကလည်း ၂၀၂၈ခုနှစ်အထိတောင် စာချုပ်သက်တမ်းရှည်ကြီး ရှိနေပါသေးတယ်။

ဒါကြောင့် အဲလ်ဗာရက်ဇ်ကိုယ်တိုင် ပုံမှန်ကစားခွင့်တွေ ရဖို့ အသင်းပြောင်းချင်ပါတယ်ဆိုပြီး အသင်းပြောင်းခွင့် တောင်းဆိုလာမယ်ဆိုရင် နောက်ပြီး အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ အဲလ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာမယ်ဆိုမှသာ ရောင်းချသွားဖို့ စဉ်းစားမယ်လို့ သိရပါတယ်။