မန်ချက်စတာ စီးတီးအသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗာရက်ဇ်ဟာ ဒီနွေရာသီ ဈေးကွက်အတွင်းမှာပဲ မန်စီးတီးအသင်းကနေ ထွက်ခွာပြီး ပွဲကစားခွင့်တွေ ပိုမို ရရှိနိုင်မယ့် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်ကစားသမား အဲလ်ဗာရက်ဇ်ဟာ ၂၀၂၂ခုနှစ်ကမှ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်ကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၀၃)ပွဲအထိတောင် ကစားခဲ့ရသလို ဆုဖလားပေါင်း (၆)လုံးအထိလည်း ဆွတ်ခူးခဲ့ပါသေးတယ်။

Photo Credit : Transfermarket

ဒါပေမယ့် အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းဆီ ရောက်ရှိချိန်မှာ အသင်းက အာလင်း ဟာလန်းလို တကယ့်ကို အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကိုပါ ခေါ်ယူခဲ့ပြီး ပွဲအများစုမှာတော့ ဟာလန်းကိုသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလေ့ ရှိသလို အရေးကြီးတဲ့ ပွဲစဉ်တွေမှာဆိုရင်လည်း ဟာလန်းကိုပဲ ပိုမို နေရာပေးလေ့ ရှိပါတယ်။

ဒီလို အခြေအနေမှာ အဲလ်ဗာရက်ဇ်က (၂)ရာသီအတွင်း ပွဲပေါင်း (၁၀၀)ကျော် ပါဝင်ကစားရသည့်တိုင် ပွဲထွက်ကစားသမား နေရာအတွက် အာမခံချက် နည်းပါးနေရခြင်းအပေါ် သဘောမကျလာတဲ့အတွက် မန်စီးတီးကနေ ထွက်ခွာချင်လာခဲ့ပြီး သူနဲ့ သူ့မိသားစုဝင်တွေကလည်း မန်ချက်စတာရဲ့ ရာသီဥတု အခြေအနေကို အတော်လေး စိတ်ပျက်နေတာကြောင့် မန်ချက်စတာကပါ ထွက်ခွာချင်နေပါတယ်။

Photo Credit : The Sun

မန်စီးတီးဘက်ကတော့ အဲလ်ဗာရက်ဇ်လို အရည်အသွေးမြင့် တောင်အမေရိကကြယ်ပွင့် ကစားသမားတစ်ဦးကို အသင်းကနေ လက်လွတ်သွားဖို့ ဆန္ဒမရှိသလို တန်ကြေးလည်း သတ်မှတ်ထားတာတောင် မရှိပေမယ့် တကယ်လို့ မဖြစ်မနေ ရောင်းချရတော့မယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး ပေါင် သန်း(၆၀) + အပိုဆုကြေး (၁၇)သန်းအထိ တောင်းဆိုလာဖို့ ရှိနေပါတယ်။

ဒီလို အသင်းကနေ ထွက်ခွာရဖို့ ရှိနေတဲ့ အဲလ်ဗာရက်ဇ်ကို ချယ်လ်ဆီး ပီအက်စ်ဂျီ အသက်လက်တီကိုအသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက် ရှိနေကြပြီး ဒီထဲကမှ မန်ဖစ် ဒီပိုင်းနဲ့ အဲလ်ဗာရို မိုရာတာတို့ကို လက်လွတ်ထားခဲ့ရတဲ့ အသက်လက်တီကိုအသင်းက အဲလ်ဗာရက်ဇ်ကို စိတ်အဝင်စားဆုံး ဖြစ်လို့နေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်လာဖို့ ရှိနေပါတယ်။