အက်သလက်တီကို မက်ဒရစ်အသင်းဟာ မနက်ဖြန် (ဗုဒ္ဓဟူးနေ့) မှာကစားမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရရှိမှုကြောင့် အကြီးအကျယ် ထိုးနှက်ချက်ကြုံတွေ့နေရပါတယ်။ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ အမေရိကန်လက်ရွေးစင် ကွင်းလယ်လူ ဂျော်နီ ကာဒိုဆိုတို့ဟာ ဒဏ်ရာကိုယ်စီကြောင့် လီဗာပူးလ်ကို သွားရောက်ရင်ဆိုင်မယ့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းဟာ လီဗာပူးလ်နဲ့ပွဲစဉ်အတွက် နည်းပြ ဒီယေဂို ဆီမြွန်နီ ရွေးချယ်ခဲ့တဲ့ (၂၂)ဦးပါဝင်တဲ့ ကစားသမားစာရင်းကို တရားဝင်ထုတ်ပြန်ခဲ့ရာမှာ အယ်လ်ဗာရက်ဇ်နဲ့ ကာဒိုဆိုတို့အပြင် တီယာဂို အယ်လ်မာဒါ၊ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်နဲ့ အဲလက်စ် ဘီနာတို့လည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။
Photo Credit : AS Diario
၂၀၂၄ ခုနှစ်က မန်စီးတီးကနေ ပြောင်းရွှေ့လာပြီးကတည်းက အသင်းရဲ့ အဓိကအားထားရတဲ့ ကစားသမားတစ်ဦးဖြစ်လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဗီလာရီးယဲလ်နဲ့ လာလီဂါပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးဟာ အဆိုပါ ဒဏ်ရာကနေ ပြန်လည်သက်သာလာခြင်းမရှိသေးတာကြောင့် လီဗာပူးလ်နဲ့ ဥရောပပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဗီလာရီးယဲလ်နဲ့ပွဲမှာ သူဟာ ပထမပိုင်းတစ်ပိုင်းသာ ကစားခဲ့ရပေမယ့် အသင်းဖော် ပါဘလို ဘာရီယို့စ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီနွေရာသီမှာပဲ ရီးယဲလ် ဘက်တစ်အသင်းကနေ ဒေါ်လာ (၃၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်လက်ရွေးစင် ကွင်းလယ်လူ ဂျော်နီ ကာဒိုဆိုကတော့ မနေ့က (တနင်္လာနေ့) အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူဟာလည်း ယူကေကို လိုက်ပါသွားနိုင်တော့မှာ မဟုတ်ပါဘူး။
Photo Credit : Goal
ဒီကစားသမားနှစ်ဦးအပြင် နောက်ထပ်ကစားသမားအချို့ပါ လွဲချော်နေခြင်းက လာလီဂါရာသီအစမှာ ရုန်းကန်နေရတဲ့ အက်သလက်တီကိုအတွက် အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။ ဆီမြွန်နီရဲ့အသင်းဟာ လာလီဂါအဖွင့် (၄)ပွဲမှာ (၁)ပွဲသာ အနိုင်ရရှိထားပြီး အမှတ်ပေးဇယားအဆင့် (၁၁)နေရာမှာ ရပ်တည်နေပါတယ်။
အန်ဖီးလ်ကွင်းက လီဗာပူးလ်နဲ့ပွဲအပြီးမှာလည်း သူတို့အသင်းဟာ နားရက် (၄)ရက်သာရရှိမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာ ရီးယဲလ် မာယော့ကာအသင်းကို အဝေးကွင်း သွားရောက်ရင်ဆိုင်ရမယ့် ပွဲကျပ်ခရီးစဉ်ကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။