ဒီနေ့ မနက်အစောပိုင်းက အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ အိမ်ရှင်အာဂျင်တီးနားက (၄)ဂိုး (၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ရခဲ့ပြီး ဒီပွဲမှာ လီယွန်နယ် မက်ဆီသာ ပါနိုင်မယ်ဆိုရင် ဒီထက်တောင် ဂိုးပြတ်နိုင်လိမ့်မယ်လို့ ဂျူလီယန် အဲလ်ဗာရက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားက အဲလ်ဗာရက်ဇ် ၊ အန်ဇို ဖာနန်ဒက်ဇ် ၊ အလက်ဆစ် မက် အယ်လစ္စတာတို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ ဦးဆောင်နေခဲ့ပြီး နောက်ခံလူ ရိုမဲရိုးရဲ့ ပေါ့လျောမှုကြောင့်သာ ချေပဂိုးတစ်ဂိုး ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ လူစားဝင်လာတဲ့ ဂျူလီယာနို ဆီမြွန်နီကပါ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူခဲ့ရင်း (4-1) နဲ့ နိုင်ပွဲရသွားခဲ့ပါတယ်။

Photo Credit : Aire de Santa Fe

ဒီပွဲမှာ အာဂျင်တီးနားဘက်က အသင်းခေါင်းဆောင် GOAT ကြီး မက်ဆီနဲ့ တိုက်စစ်ကစားသမား လော်တာရို မာတီနက်ဇ်တို့ ဒဏ်ရာ ပြဿနာတွေကြောင့် မပါဝင်နိုင်ခဲ့ပေမယ့်လည်း ခါးသီးပြိုင်ဘက် ဘရာဇီးလ်လို အသင်းမျိုးကို ခြေအသာ ဂိုးအသာနဲ့ အနိုင်ရခဲ့တဲ့အပြင် ဥရုဂွေးနဲ့ ဘိုလစ်ဗီးယားတို့ရဲ့ ပွဲရလဒ်ကြောင့်လည်း အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲပါ အောင်မြင်သွားခဲ့ပါတယ်။

ဒီပွဲအတွင်း အာဂျင်တီးနား တိုက်စစ်မှာ ခြေစွမ်းပြ ကစားသွားခဲ့တဲ့ အဲလ်ဗာရက်ဇ်က “လီယို မက်ဆီသာ ကွင်းထဲမှာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဂိုး (၂)လုံး (၃)လုံးလောက် ထပ်သွင်းနိုင်ခဲ့မှာပါ။” လို့ ပြောဆိုခဲ့သလို ဒီပွဲမတိုင်ခင် ဘရာဇီးလ်ကြယ်ပွင့် ရာဖင်ဟာက အာဂျင်တီးနားအသင်းကို fuck them ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ပြောထားတာကိုလည်း ပြန်တုံ့ပြန်ခဲ့ပါတယ်။

Photo Credit : Times of India

“ကျွန်တော်ကတော့ နှိမ့်ချမှုရယ် ကြိုးစားအားထုတ်မှုနဲ့ဆိုရင် လုံလောက်တယ်လို့ ထင်တယ်။ ကျွန်တော်တို့ ပွဲကောင်းကစားခဲ့ပြီး သူတို့ကို သင်ခန်းစာ တစ်ခု ပေးခဲ့တယ်။” လို့ အဲလ်ဗာရက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။ အခုဆိုရင်တော့ အဲလ်ဗာရက်ဇ်ရဲ့ အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန် ကနေဒါနဲ့ မက္ကဆီကိုတို့ (၃)နိုင်ငံ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် ဂျပန်အသင်းက အစောဆုံးအဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အဲ့ဒီနောက် သမုဒ္ဒရာပိုင်းက နယူးဇီလန် နောက် အာရှဇုန်ကပဲ အီရန် အခုနောက်ဆုံး တောင်အမေရိဇုန်က လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားတို့ ခြေစစ်ပွဲ အောင်ခဲ့ကြပါတယ်။