ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံ ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီစ်ဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာပဲ သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းက ဘယ်ခြမ်းခံစစ် နေရာအတွက် ဒေးဗီစ်ကို အတော်လေး စိတ်ဝင်စားနေပြီး လာမယ့်နွေမှာပဲ ပြောင်းရွှေ့ကြေး များစွာအပြင် အသင်းရဲ့ ပြင်သစ် ဘယ်နောက်ခံလူ ဖာလန် မန်ဒီကိုပါ ပြောင်းရွှေကြေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : Goal

လက်ရှိ ရီးယဲလ်အသင်းရဲ့ ဘယ်ခြမ်းခံစစ်မှာ မန်ဒီ နဲ့ ကစားသမားသစ် ဖယ်ရန် ဂါဆီယာတို့ ရှိနေပေမယ့်လည်း ထိပ်တန်းအဆင့်ရှိ ဘယ်နောက်ခံ ကစားသမားတစ်ဦးကို ထပ်မံ ခေါ်ယူ ဖြည့်တင်းသွားဖို့ ဆန္ဒရှိနေတာကြောင့် သူတို့ရဲ့ပစ်မှတ်ဖြစ်သူ အယ်လ်ဖွန်ဆို ဒေးဗီစ်ကို အရ ခေါ်ယူဖို့ စီစဥ်လာနိုင်ပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်မှာလည်း ကနေဒါ ဘယ်နောက်ခံလူ ဒေးဗီစ်ကိုယ်တိုင် ရီးယဲလ်အသင်း​ဆီ ပြောင်းရွှေ့ဖို့ကို စိတ်ဝင်စားလျက် ရှိနေပြီး လာမယ့်နွေမှာ ရီးယဲလ်ကို ပြောင်းရွှေ့ကစားဖို့ အဆင်သင့် ဖြစ်နေတယ်လို့လည်း AS သတင်းစာမှာ ဖော်ပြထားပါသေးတယ်။

Photo Credit : Goal

အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ ၂၀၁၉ခုနှစ်မှာပဲ မေဂျာလိဂ်ကလပ် ဗန်ကူဗားကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီအချိန်ကနေ စတင်ကာ ဘိုင်ယန်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ကနေဒါ ကစားသမားတွေထဲမှာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်တဲ့ ဒေးဗီစ်က အခုဆို ဘိုင်ယန်အတွက် (၁၆၉)ပွဲ ကစားပေးထားပြီး ချန်ပီယံလိဂ် ဘွန်ဒက်စ်လီဂါ ဥရောပစူပါဖလား ပိုကယ်ဖလား ကလပ်ကမ္ဘာ့ဖလား နဲ့ ဂျာမန်စူပါဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဒေးဗီစ်ဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် လက်ရှိ သူရဲ့တန်ကြေးက ယူရို သန်း(၇၀)လောက်အထိ ရှိနေတာမို့ ရီးယဲလ်အနေနဲ့ အဲ့ဒီဝန်းကျင်လောက်နဲ့ ကမ်းလှမ်းသွားရနိုင်ပါတယ်။