စပိန် နာမည်ကျော် Marca သတင်းစာရဲ့ ဖော်ပြချက်များအရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကို ပယ်ချခဲ့ပြီး နွေမှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့သာ ရွေးချယ်လိုက်တယ်လို့ သိရှိရပါတယ်။

အသက်(၂၄)နှစ်အရွယ် ကနေဒေါ လက်ရွေးစင် ဘယ်နောက်ခံလူ ဒေးဗီးစ်ဟာ ၂၀၁၈ကတည်းက ဘိုင်ယန်ဆီ ရောက်ရှိနေခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ဘိုင်ယန်ရဲ့ အမာခံ ကစားသမားသာမက ကမ္ဘာ့ဘောလုံးလောကရဲ့ ဘယ်နောက်ခံကစားသမားတွေထဲ အကောင်းဆုံးထဲက တစ်ဦးအဖြစ်ပါ သတ်မှတ်ခံလာရပါတယ်။

Photo Credit : Bavarian Football Works

အခုတော့ ဒေးဗီးစ်က ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိတော့ပြီး အသင်းဘက်ကလည်း သူ့လို ကစားသမားမျိုးကို အလွတ်နဲ့ လက်လွတ်မခံချင်တဲ့အတွက် စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပါတယ်။ ဘိုင်ယန်နဲ့ ဒေးဗီးစ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ စာချုပ်သစ် ကိစ္စတွေကို ဆွေးနွေးလျက် ရှိနေပေမယ့် ဒေးဗီးစ်ကတော့ ဘိုင်ယန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။

တစ်ဖက်မှာလည်း ရီးယဲလ်အသင်းက အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို သူတို့အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး လာမယ့်နွေမှာ ဒေးဗီးစ်နဲ့ ဘိုင်ယန်တို့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ရအောင် ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။

Photo Credit : Managing Madrid

ဒါ့အပြင် ဘယ်နောက်ခံကစားသမားတွေ အလိုရှိနေတဲ့ လီဗာပူးလ် မန်ယူနိုက်တက်တို့လို အသင်းတွေကလည်း ဒေးဗီးစ်ကို ရီးယဲလ်နဲ့အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထက် ရီးယဲလ်အသင်းကိုသာ ရွေးချယ်သွားချင်နေပါတယ်။

ရီးယဲလ်က လာမယ့်နွေမှာ ဘယ်နောက်ခံနေရာကိုရော ညာနောက်ခံနေရာအတွက်ပါ ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖြည့်တင်းသွားဖို့ စီစဉ်လို့နေပြီး ဘယ်ခြမ်းခံစစ်အတွက် အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ညာခြမ်းခံစစ်အတွက်ကိုတော့ လီဗာပူးလ်က ထရန့် အလက်ဆန်းဒါး အာနိုးတို့ကို ခေါ်ယူသွားဖို့ ချိန်ရွယ်ထားပါတယ်။