လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါက သူ့အသင်းဖော်ဟောင်းဖြစ်တဲ့ လေဗာကူဆင်နည်းပြ ဇာဗီ အလွန်ဆိုက လီဗာပူးလ်အသင်း နည်းပြသစ် ရာထူးအတွက် ထိုက်တန်မှု အရှိဆုံးသူ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ် နည်းပြကြီး ယာဂန် ကလော့ပ်က ဒီနှစ် ဘောလုံးရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မယ်လို့ မနေ့ကပဲ အတည်ပြု ထုတ်ပြန်ခဲ့ပြီးနောက် လီဗာပူးလ် နည်းပြသစ် ဘယ်သူ ဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေက စိတ်ဝင်စားစရာ မေးခွန်းတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

ကလော့ပ်နေရာမှာ အစားဝင်လာနိုင်မယ့် နည်းပြတွေအဖြစ် အလွန်ဆို ၊ ဂျရတ်တို့လို ကစားသမားဟောင်းတွေအပြင် မော်ရင်ဟို ဇီဒန်း ဒီဇာဘီ စပယ်လက်တီ စကာလိုနီ ဂရေဟမ်ပေါ်တာ အစရှိတဲ့ နည်းပြတွေနဲ့ သတင်းသဲ့သဲ့လေး ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ကစားသမားဟောင်းကြီး ကာရေဂါကတော့ “ပရီးမီးယားလိဂ်နဲ့ ဥရောပတခွင်မှာ ဘယ်နည်းပြက လီဗာပူးလ်အသင်းအတွက် အဆင်ပြေနိုင်မလဲဆိုတာကို ကြည့်လိုက်မယ်ဆိုရင် ဇာဗီ အလွန်ဆိုပဲ ပြေးမြင်မိမှာ သံသယ မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက လီဗာပူးလ် ကစားသမား တစ်ဦးအနေနဲ့ အသင်းမှာ လေးစားမှု ခံခဲ့ရတာကြောင့်ပါ။”

Photo Credit : Sky Sports

“ကမ္ဘာ့ချန်ပီယံ ချန်ပီယံလိဂ်ရဲ့ချန်ပီယံ ဖြစ်ခဲ့တဲ့ သူက ဘင်နီတက်ဇ် မော်ရင်ဟို အန်ဆယ်လော့တီ ဂွာဒီယိုလာတို့လို နည်းပြတွေ လက်အောက်မှာ ပါဝင်ခဲ့ဖူးသူပါ။ အခုလည်း လေဗာကူဆင်အသင်းမှာ လုံးဝ လက်ဖျားခါလောက်စရာကောင်းအောင် စွမ်းဆောင်ပေးထားနိုင်တယ်။”

“သူ့လိုပဲ ဒီဇာဘီကလည်း ဘရိုက်တန်မှာ အကောင်းဆုံးတွေ စွမ်းဆောင်ထားခဲ့ပြီး အသင်းကြီးတွေနဲ့ အပြိုင်အဆိုင် ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ လီဗာပူးလ် နည်းပြရာထူးအတွက် ဖြစ်နိုင်ခြေ အရှိဆုံးအဖြစ် အလွန်ဆိုကိုပဲ မြင်မိပါတယ်။” လို့ သူရဲ့ ထင်မြင်ချက်ကို ပြောဆိုသွားခဲ့ပါတယ်။