ရီးယဲလ် မက်ဒရစ်အသင်း နည်းပြသစ် ဇာဘီ အလွန်ဆိုက သူတို့အသင်း FIFA ကလပ်ကမ္ဘာ့ဖလားပြ်ုင်ပွဲ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းကို (၄)ဂိုးပြတ်နဲ့ အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်ဖို့ အချိန်ယူရမယ်လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ်။
အလွန်ဆိုက ရီးယဲလ် မက်ဒရစ်ဟာ (၂)နှစ် စီမံကိန်းဖြစ်ပြီး ပီအက်စ်ဂျီကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့ရပေမဲ့ စိတ်ရှည်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီပွဲစဉ်မှာ ခံစစ်ကစားသမား ဒင်း ဟောက်ဆန် ပွဲပယ်ခံရပြီး ထရန့် အလက်ဆန်းဒါး အာနိုး ဒဏ်ရာရနေတာကြောင့် အလွန်ဆိုဟာ ပြိုင်ပွဲအစောပိုင်းက သုံးခဲ့တဲ့ ခံစစ်(၃)ယောက် စနစ်အစား ခံစစ်(၄)ယောက် စနစ်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီက ပွဲစပြီး (၁၀)မိနစ်အတွင်းမှာပဲ (၂)ဂိုးသွင်းယူပြီး ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရီးယဲလ်ဟာ ပွဲတစ်လျှောက်လုံး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : Goal
ပွဲအပြီး DAZN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အလွန်ဆိုက သူ့အသင်းရဲ့ ခြေစွမ်းကို ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ခဲ့ပြီး သူ့လက်ထက်မှာ အချိန်ယူပြီး စိတ်ရှည်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ “ပွဲအစက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့မှာ ပြိုင်ဘက်ကောင်းတစ်သင်း ရှိနေခဲ့တာကြောင့် (၁၀)မိနစ်လောက်မှာတင် ပွဲက အရမ်းခက်ခဲသွားပြီ။ ပီအက်စ်ဂျီက ကောင်းကောင်းကစားနိုင်တယ်။ ဒါက (၂)နှစ် စီမံကိန်းဖြစ်ပြီး ကျွန်တော်တို့ ဒီကိုရောက်တာ မကြာသေးဘူး။ စိတ်အေးအေးထားပြီး အလုပ်လုပ်ရမယ်။ ဒါပေမဲ့ ဒီရလဒ်ကတော့ နာကျင်စရာပဲ။” လို့ ပြောပါတယ်။
နည်းဗျူဟာပြောင်းလဲမှု မှားယွင်းခဲ့တာနဲ့ ဂိုးစောစောပေးလိုက်ရလို့ ဖိအားများခဲ့တာတွေကိုလည်း သူက ဝန်ခံခဲ့ပါတယ်။ “ဒီ (၂)ဂိုးက ကျွန်တော်တို့ကို ဖိအားတွေ အများကြီး ပိုပေးတယ်။ ပွဲကို ဆက်လက်ထိန်းထားဖို့ တွန်းအားပေးတယ်။ ဟန်ချက်ပျက်လို့မရဘူးဆိုတာ သိတယ်။ သူတို့က အဆင့်အတန်းမြင့်တယ်။ ဒီနေ့ ဒါကို တွေ့ခဲ့ရပြီ။ ဒီနေ့ကနေ အများကြီး သင်ယူစရာရှိတယ်။” လို့ ရှင်းပြခဲ့ပါတယ်။
Photo Credit : Goal
အလွန်ဆိုက ရှုံးနိမ့်မှုဟာ သင်ခန်းစာတစ်ခုအဖြစ် တန်ဖိုးရှိကြောင်းလည်း ထပ်လောင်းပြောခဲ့ပြီး နည်းပြတာဝန်ယူပြီးကတည်းက လေ့ကျင့်ချိန် နည်းပါးခဲ့တာကိုလည်း ထောက်ပြခဲ့ပါတယ်။ “ဒီနေ့ရလဒ်က ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ဘာတွေ တိုးတက်ဖို့ လိုသေးလဲဆိုတာ ပြသနေတယ်။ ပီအက်စ်ဂျီက ကောင်းကောင်းလုပ်နိုင်နေပြီး ကျွန်တော်တို့လည်း လုပ်စရာတွေ ရှိနေသေးတယ်။ ကျွန်တော်တို့က ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ရှိနေပြီး လက်တွေ့ကျကျ လေ့ကျင့်ဖို့ အချိန်မရခဲ့ဘူး။ အခုတော့ နားဖို့လိုပြီ။ ဒါပေမဲ့ (၄)ပတ်အတွင်းမှာ ကျွန်တော်တို့ ပြန်လာပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။
ကီလီယန် အမ်ဘာပေ၊ ဗီနီစီယပ်စ် ဂျူနီယာနဲ့ ဂျုဒ် ဘယ်လင်ဟမ်တို့လို ကြယ်ပွင့်ကစားသမားတွေ ပါဝင်နေပေမဲ့ ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကို ဂိုးပေါက်တည့်အောင် (၂)ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ကလပ်ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေကို အဆုံးသတ်စေခဲ့တဲ့အပြင် အသင်းရဲ့ အင်အားနဲ့ ဟန်ချက်ညီမှုအပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း အလွန်ဆိုက ဒီရှုံးပွဲကို ရေရှည်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်သာ ရှုမြင်ပြီး အကျပ်အတည်းမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ နယူးဂျာစီမှာ ရှုံးနိမ့်ခဲ့တဲ့ ဒီပွဲဟာ ရီးယဲလ်အတွက် ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ အပြင်းထန်ဆုံး ရှုံးနိမ့်မှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။