ဒီရာသီမှာ ရှုံးပွဲ တပွဲမှ မကြုံရသေးတဲ့ ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ နည်းပြချုပ် ဇာဘီ အလွန်ဆိုက သူတို့အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း မဟုတ်ပဲ သူ့ရဲ့ အသင်းဟောင်း လီဗာပူးကသာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်း ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဇာဘီ အလွန်ဆို ဦးဆောင်နေတဲ့ လေဗာကူဆင်က ယခုနှစ် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ၂၅ပွဲ ကစားထားရာ ၂၁ပွဲနိုင် ၊ ၄ပွဲ သရေ ဆိုတဲ့ ရလဒ်ကောင်း တခုကို ရယူနိုင်ခဲ့တာကြောင့် ရမှတ် ၆၇မှတ် အထိ စုဆောင်းထားနိုင်ကာ လက်ကျန် ၉ပွဲမှာ အမှားအယွင်းတွေသာ မလုပ်ခဲ့ရင် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဘွန်ဒက်လီဂါ ချန်ပီယံဖလားကို ဆွတ်ခူးနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

လေဗာကူဆင်က ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အခြေအနေ ကောင်းနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုအဆင့်မှာ ၆ပွဲ ကစား ၆ပွဲနိုင် ဆိုတဲ့ ရာနှုန်းပြည့်နိုင်ပွဲစံချိန်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ကာ ၁၆သင်း ရှုံးထွက်အဆင့်မှာလည်း လေဗာကူဆင်က အဇာဘိုင်ဂျန်ကလပ် ကာရာဘက်ကို ၅-၄ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ယူ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ဆီ ထပ်မံ တက်ရောက်နိုင်ခဲ့ပြန်ပါတယ်။

လေဗာကူဆင်က ဒီရာသီမှာ ရှုံးပွဲ မကြုံသေးသလို ပွဲတိုင်းနီးပါးကို အနိုင်ကစားထားတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ တချို့က လေဗာကူဆင်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံးအသင်းလို့ သတ်မှတ်နေကြပြီး အလွန်ဆိုကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတာဟာ သူ့အသင်း မဟုတ်ပဲ လီဗာပူးသာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Football 365

ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းလဲ ဆိုတဲ့ မေးခွန်းကို ဇာဘီ အလွန်ဆိုက – “ကျွန်တော်ကတော့ ဘယ်အသင်းက ဗိုလ်စွဲနိုင်ချေ အများဆုံးလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ အဲ့ဒါကတော့ လီဗာပူးပါပဲ။ လီဗာပူးက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းလို့ ထင်ပါတယ်” ဆိုပြီး ပြန်လည် ဖြေကြားသွားခဲ့တာပါ။

ကွာတားဖိုင်နယ်မှာ အလွန်ဆိုရဲ့ လေဗာကူဆင်က ဝက်စ်ဟမ်းနဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး အကယ်၍ လေဗာကူဆင်က ဝက်စ်ဟမ်းကို ကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်မှာ အေစီမီလန်နဲ့ ရိုးမားမှာ အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။