ရီးယဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ဇာဘီ အလွန်ဆိုဟာ ဆန်တီယာဂို ဘာနေဗျူးမှာ တာဝန်စတင်ယူပြီးနောက် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့က သူ့ရဲ့ရောက်ရှိလာမှုကို တရားဝင်ကြေညာခဲ့ပြီး အလွန်ဆိုဟာ လော့စ်ဘလန်ကို့စ်အသင်းနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ကာ နည်းပြဟောင်းကြီး ကားလို့ အန်ဆယ်လော့တီနေရာကို ဆက်ခံခဲ့ပါတယ်။
တနင်္လာနေ့ ဒီနေ့မှာ ရီးယဲလ်က အလွန်ဆိုကို နည်းပြသစ်အဖြစ် စတင် မိတ်ဆက်ခဲ့ပြီး အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သူ့ကို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ “ရီးယဲလ် မက်ဒရစ်က မင်းအတွက် ဘာကိုဆိုလိုတယ်ဆိုတာ ငါတို့သိတယ်။ ကစားသမားဘဝမှာ မင်းဟာ ရီးယဲလ် မက်ဒရစ် သာမက လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်မှာပါ တစ်ခေတ် တည်ဆောက်ခဲ့တယ်။ ပြီးတော့ မင်းဟာ ကမ္ဘာ့ဖလားရခဲ့တဲ့ စပိန်လက်ရွေးစည်းအသင်းရဲ့ ဂန္တဝင်တစ်ယောက်ပါ။”
Photo Credit : La Liga’s X
“ဘိုင်ယာ လေဗာကူဆင်မှာ (၃)နှစ်အတွင်း မင်းဟာ ဒီမှာရော ကမ္ဘာတဝှမ်းမှာရော ချီးကျူးခံရတဲ့ အသင်းတစ်သင်းကို တည်ဆောက်ခဲ့တယ်။ လေဗာကူဆင်ရဲ့နည်းပြအဖြစ် မင်းရခဲ့တဲ့ အောင်မြင်မှုက မင်းကို ကမ္ဘာ့ထိပ်တန်းနည်းပြတွေထဲက တစ်ယောက်ဖြစ်စေခဲ့တယ်။ အခု မင်းဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရတော့မယ်။ ဒီပရိသတ်တွေက မင်းကို ချစ်ခင်လေးစားကြတယ်ဆိုတာ မင်းသိတယ်။ ငါတို့အတူတူ ထပ်မံပျော်ရွှင်စရာတွေ မျှဝေနိုင်မယ်လို့ ငါယုံကြည်တယ်။ မက်ဒရစ်ကို ကြိုဆိုပါတယ် ချစ်လှစွာသော ဇာဘီ။” လို့ ပြောဆို ကြိုဆိုသွားခဲ့ပါတယ်။
အလွန်ဆိုကလည်း “ဒီနေ့ဟာ ကျွန်တော့်အတွက် ဘဝတစ်သက်မှာ မှတ်မှတ်ရရ ဖြစ်နေမယ့် အထူးနေ့တစ်နေ့ပါ။ ရီးယဲလ် မက်ဒရစ်နဲ့ ကျွန်တော့်ရဲ့ဆက်နွယ်မှုဟာ ဘယ်တော့မှ မပြတ်တောက်ခဲ့ပါဘူး။ ဒီနေ့ ဗယ်လ်ဒီဘီဘတ်စ်ကို တစ်နာရီခွဲလောက်ကြာ ဝင်လာချိန်မှာ အဲဒီခံစားချက်တွေ ပြန်လည် နိုးထလာခဲ့ပါတယ်။ သမ္မတကြီး ဒီခေတ်သစ်ကို ဦးဆောင်ဖို့ ကျွန်တော်ဟာ သင့်လူဖြစ်တယ်လို့ ယူဆပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ကြေညာချိန်ကစပြီး ရီးယဲလ် မက်ဒရစ်မှာ ခေတ်သစ်တစ်ခုအတွက် စိတ်လှုပ်ရှားမှုတွေ ရှိနေတာကို ကျွန်တော်ခံစားမိပါတယ်။ ဒါဟာ အားလုံးအတွက် ကောင်းမွန်တဲ့အချိန်ပါ။ ကျွန်တော့်မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့မရှိရင် ဒီနေ့ ဒီနေရာမှာ ကျွန်တော်ရှိမှာမဟုတ်ပါဘူး။”
Photo Credit : Real Madrid CF’s X
“ကျွန်တော်တာဝန်ယူမယ့်နေရာနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ခေတ်ဟာ ပြီးဆုံးသွားပါပြီ။ အန်ဆယ်လော့တီက ထူးချွန်တဲ့ နည်းပြတစ်ယောက် ဖြစ်သလို ကောင်းမွန်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကားလို့ဟာ ကျွန်တော့်အတွက် အကြီးမားဆုံး လွှမ်းမိုးမှုတစ်ခုပါ။ သူ့ရဲ့ကျွမ်းကျင်မှုနဲ့ သင်ခန်းစာတွေ မရှိခဲ့ရင် ကျွန်တော်ဒီနေရာမှာ ရှိမှာမဟုတ်ပါဘူး။ သူထားခဲ့တဲ့အမွေကို ဂုဏ်ယူစွာ ဆက်လက် ထိန်းသိမ်းသွားမှာပါ။ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ရီးယဲလ် မက်ဒရစ်ရဲ့ထိပ်ဆုံးကို ရောက်အောင် ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။”
“ကျွန်တော်တို့မှာ ထူးချွန်တဲ့အသင်းတစ်သင်းရှိပြီး တောက်ပတဲ့ အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ရီးယဲလ် မက်ဒရစ်နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်မယ်လို့ ယုံကြည်ချက်နဲ့ ကောင်းမွန်တဲ့ အသင်းတစ်သင်းကို တည်ဆောက်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်တွေကို ဂုဏ်ယူစရာဖြစ်စေချင်တယ်။ ပျော်ရွှင်မှုတွေ ဖြန့်ဝေပေးချင်တယ်။ ပရိသတ်တွေက ဒါက ငါတို့သဘောကျတဲ့အသင်းလို့ ပြောနိုင်မယ့် အခြေအနေကို ဖန်တီးနိုင်ရင် ကျွန်တော်တို့ဟာ ဘယ်သူမှတားလို့မရတဲ့ အသင်းတစ်သင်း ဖြစ်လာမှာပါ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။