လေဗာကူဆင်အသင်းကတော့ နည်းပြ ဇာဗီ အလွန်ဆိုကို အသင်းနည်းပြအဖြစ် ရွေးချယ် ခန့်အပ်ခဲ့တာဟာ တကယ့်ကို မှန်ကန်ပြီး အကျိုးရှိစေခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် အလွန်ဆိုက လေဗာကူဆင်အတွက် စံချိန်သစ်တစ်ခုပါ ရယူပေးလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့အတူ ဂျာမန် ဘောလုံးနယ်ပယ်မှာပါ ကျင်လည်ခဲ့ဖူးတဲ့ အလွန်ဆိုက တကယ်တော့ နည်းပြတစ်ဦးအဖြစ် အတွေ့အကြုံ တော်တော် နုနယ်သေးသူ ဖြစ်ပေမယ့်လည်း သူ့ကို ယုံယုံကြည်ကြည်နဲ့ နေရာပေးခဲ့တဲ့ လေဗာကူဆင်အတွက် ဘယ်လိုမှ မထင်ထားလောက်အောင်ကို စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Opta Analyst

အလွန်ဆိုကို နည်းပြအဖြစ် မခန့်အပ်ခင်က လေဗာကူဆင်ဟာ တန်းဆင်းဇုန်နားမှာ တဝဲလည်လည် ဖြစ်နေရပြီး အလွန်ဆို နည်းပြဖြစ်လာချိန်မှာပဲ လေဗာကူဆင်က တမဟုတ်ချင်းကို ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ အလွန်ဆိုက လေဗာကူဆင်ကို ရာသီအကုန်မှာ အဆင့်(၆)နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီလို စွမ်းဆောင်မှုတွေကြောင့်ပဲ အလွန်ဆိုကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေပါ စိတ်ဝင်စားလာခဲ့ပြီး စပါးအသင်းဆိုရင် ပိုစတီကိုဂလူးကို မခန့်အပ်ခင်က အလွန်ဆိုကို ချဉ်းကပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လေဗာကူဆင်က အလွန်ဆိုကို စာချုပ်သက်တမ်းတိုးပြီး အသင်းမှာသာ ဆက်လက် ထားရှိခဲ့ပါတယ်။

Photo Credit : Marca

ဒီလို အသင်းဘက်က ပေးအပ်တဲ့ ယုံကြည်မှုတွေ ရရှိလာပြီးတဲ့နောက်မှာ အလွန်ဆိုက လေဗာကူဆင်ကို ပိုလို့တောင် ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် အလွန်ဆိုဟာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲစုံ (၂၅)ပွဲအထိ လုံးဝ ရှုံးပွဲမရှိအောင် ဖော်ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

အလွန်ဆိုက ဒီရာသီမှာ လေဗာကူဆင်အသင်းကို (၂၅)ပွဲ ကိုင်တွယ်ထားပြီး (၂၂)ပွဲနိုင် သရေ (၃)ပွဲနဲ့ လုံးဝ ရှုံးပွဲမရှိအောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဂျာမန်ကလပ်အသင်းတွေထဲမှာ အခုလို (၂၅)ပွဲကစားပြီး ရှုံးပွဲမရှိတဲ့ အသင်းဆိုလို့ တစ်သင်းမှကို မရှိသေးပေမယ့် အခု အလွန်ဆိုက လေဗာကူဆင်ကို ဂျာမန်အသင်းတွေထဲ ရာသီအဖွင့် (၂၅)ပွဲဆက် ရှုံးပွဲမရှိတဲ့ ပထမဆုံး ဂျာမန်ကလပ် ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။