ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ တက်သစ်စ နည်းပြ ဇာဘီ အလွန်ဆိုက ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ဆက်သွယ်မှုတွေကို ရရှိခဲ့ပေမယ့် ဘယ်အသင်းဆီမှ မပြောင်းပဲ လေဗာကူဆင်မှာသာ နောက်ထပ် ၁ရာသီ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၄၂နှစ် အရွယ် စပိန်ကွင်းလယ်လူဟောင်း ဇာဘီ အလွန်ဆိုက ကစားသမား ဘဝမှာ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ စတဲ့ ဥရောပ ထိပ်သီးအသင်းတွေမှာ ကစားခဲ့တဲ့ ထိပ်တန်း ကွင်းလယ်လူဟောင်း ဖြစ်သလို နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း သူဟာ ထိပ်တန်းနည်းပြ တဦး ဖြစ်ကြောင်း သက်သေပြထားနိုင်ပါတယ်။

Photo Credit: Standard

ဇာဘီ အလွန်ဆိုက ကစားသမားဘဝ ကနေ အနားယူပြီးနောက် ရီးရဲလ်မက်ဒရစ် လူငယ်အသင်း ၊ ဆိုစီဒက် အရန်အသင်း စတဲ့ အသင်းတွေကို ကိုင်တွယ်ကာ အတွေ့အကြုံတွေ စုဆောင်းခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ ရလဒ်တွေ ဆိုးဝါးနေတဲ့ လေဗာကူဆင်က အလွန်ဆိုကို သူတို့ရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။

အလွန်ဆိုက လေဗာကူဆင်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ပေးခံခဲ့ရပြီးနောက် လူငယ်တွေကို အခြေပြုကာ မြန်နှုန်းမြင့် ကစားဟန် တခုကို သွတ်သွင်း တည်ဆောက်ခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ လေဗာကူဆင်ဟာ ရလဒ်ကောင်းတွေ တောက်လျှောက် ရခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း လေဗာကူဆင်က ပြိုင်ပွဲစုံမှာ ရှုံးပွဲ တပွဲမှ မကြုံရသေးသလို ဘွန်ဒက်လီဂါ ၊ ယူရိုပါလိဂ်နဲ့ ဂျာမန် ပိုကယ်ဖလားတွေကို ရယူနိုင်ဖို့ ရေပန်းစားနေပါတယ်။

Photo Credit: Team Talk

လေဗာကူဆင်နဲ့အတူ သူမတူတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ အလွန်ဆိုရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့က အလွန်ဆိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ခဲ့ကြပေမယ့် အလွန်ဆိုကတော့ လေဗာကူဆင်မှာပဲ ဆက်နေကာ အတွေ့အကြုံတွေ ဆက်ယူဖို့ စဉ်းစားထားပါတယ်။

နာမည်ကြီး သတင်းထောက်တွေ ဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ပေါလ်ဂျိုက်စ်တို့ရဲ့ တူညီတဲ့ ဖော်ပြချက်တွေ အရ အလွန်ဆိုက ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချလိုက်ပြီး လေဗာကူဆင်မှာ နောက်ထပ် ၁ရာသီ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါတယ်။