လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဝါရင့် ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုက မျှော်မှန်းထားသလို ကစားခွင့် မရတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာကို စွန့်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် စပိန်ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုက ၂၀၂၂ခုနှစ်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီး ကနေ ဘာစီလိုနာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာက သူ့ကို ခေါ်ယူချိန်မှာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Goal

အလွန်ဆိုက ဘာစီလိုနာဆီ ရောက်ရှိကာစမှာ ပုံမှန် ကစားခွင့် ရခဲ့ပြီး သူက ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၃ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အလွန်ဆိုက ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာရဲ့ အဓိက ဘယ်နောက်ခံလူ အဖြစ် ကစားခွင့် ရခဲ့ပေမယ့် ဒီရာသီမှာတော့ ကစားခွင့် အနည်းငယ်သာ ရထားပြီး အလွန်ဆိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၉၉မိနစ်သာ ကစားခွင့် ရထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မားကို့စ် အလွန်ဆိုက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကာ အလွန်ဆိုဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘာစီလိုနာဆီ အသိပေးပြီး ဖြစ်သလို ဘာစီလိုနာကလည်း အလွန်ဆိုရဲ့ ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံခဲ့ကြောင်း သိရှိရပါတယ်။

လက်ရှိမှာ ဆော်ဒီကလပ်တွေ ၊ မေဂျာလိဂ်ကလပ်တွေနဲ့ လာလီဂါ နာမည်ကြီးကလပ် တချို့က အလွန်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အလွန်ဆိုကတော့ ကမ်းလှမ်းမှုတွေ အားလုံးကို လက်ခံပြီးမှ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်သွားမယ်လို့ စပိန်သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။