ပရီးမီးယားလိဂ် ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဘရိုက်တန်ရဲ့ အဓိက ကွင်းလယ်လူ မက် အယ်လစ္စတာက လာမယ့် နွေဈေးကွက် အစမှာပဲ အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အယ်လစ္စတာရဲ့ ကိုယ်စားလှယ်တွေက ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ်လူ မတ် အယ်လစ္စတာက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဘရိုက်တန်မှာလည်း အဓိက ကစားသမား အဖြစ် ကစားခွင့် ရနေသူပါ။

Photo Credit: Standard

အယ်လစ္စတာက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘရိုက်တန် အတွက် ပြိုင်ပွဲစုံ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၆ပွဲ ပါဝင် ကစားခွင့်ရခဲ့ရာ သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အယ်လစ္စတာရဲ့ ပေးပို့မှုစွမ်းရည်နဲ့ လုပ်အားနှုန်း ကောင်းမွန်မှုတို့ကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြပြီး နှစ်သင်းစလုံးရဲ့ တာဝန်ရှိသူတွေက အယ်လစ္စတာရဲ့ အေးဂျင့်လည်းဖြစ် ၊ သူ့ရဲ့ ဖခင်လည်း ဖြစ်တဲ့ ကားလို့စ် အယ်လစ္စတာနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

Photo Credit: Express

ကားလို့စ် အယ်လစ္စတာကလည်း သူ့ရဲ့သားဟာ လာမယ့် မေလအတွင်းမှာပဲ အသင်းသစ်ဆီ ပြောင်းရွှေ့မှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ကားလို့စ်က – “အယ်လစ္စတာရဲ့ အနာဂတ်က ရှင်းလင်းနေပါပြီ။ သူက သူ့ရဲ့ ကစားသမား ဘဝ နောက်တဆင့် မြင့်တက်နိုင်ဖို့ အတွက် အသင်းသစ် တသင်းဆီ ပြောင်းပါတော့မယ်။ အယ်လစ္စတာရဲ့ အသင်းသစ်က ဘယ်အသင်း ဖြစ်မလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သူက မေလထဲမှာပဲ အသင်းပြောင်းဖို့ များပါတယ်။ သူက ဇွန်လမှာ အခြားအသင်း တသင်း အတွက် ကစားပေးနေပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ဘရိုက်တန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ အယ်လစ္စတာရဲ့ တန်ကြေးကို ပေါင် ၆၀သန်း သတ်မှတ်ထားပြီး ဘရိုက်တန်က အယ်လစ္စတာကို ပေါင် ၈သန်း ဝန်းကျင်နဲ့ ဝယ်ယူထားတာကြောင့် သူ့ကို ပြန်လည် ရောင်းချဖြစ်ခဲ့ရင် ပေါင် ၅၂သန်း ဝန်းကျင် အမြတ်ထွက်မှာပဲ ဖြစ်ပါတယ်။