အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာ နဲ့ စာချုပ်ဖျက်သိမ်းသွားဖို့ လုပ်ဆောင်လျက် ရှိနေကြောင်း ဂျုဗင်တပ်စ်နည်းပြ မက်စ် အယ်လီဂရီက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အူဒီးနီးစ်တို့ ဂျုဗင်တပ်စ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ဒီရာသီရဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မှာ ဆေးစစ်မှု ကျရှုံးခဲ့တဲ့ ဂျုဗင်တပ်စ် ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲထားခြင်း ရှိနေသည်ဟုဆိုကာ အီတလီ ဘောလုံးအဖွဲ့ချုပ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ဘက်ကနေ ပေါ့ဘာရဲ့ ပွဲကစားခွင့်တွေကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

 

Photo Credit : Daily Mail

ဒီအခြေအနေမှာ ပေါ့ဘာက သူ့ကို တစ်ကျော့ပြန် ဆေးပြန်စစ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် စစ်ဆေးမှုတွေ ထပ်မံ လုပ်ဆောင်ပေးခဲ့ရာမှာလည်း positive ရလဒ်သာ ထွက်ပေါ်လာခဲ့တာကြောင့် ပေါ့ဘာအနေနဲ့ (၂)နှစ်ကနေ (၄)နှစ်လောက်အထိ ကာလရှည်ကြာ ပွဲပယ်ခံရဖို့ပါ ရှိနေပါတယ်။

ဒီအခြေအနေမှာ ဂျုဗင်တပ်စ်အသင်းဘက်က သူတို့ ကစားသမား ပေါ့ဘာနဲ့ စာချုပ်ဖျက်သိမ်းသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ နည်းပြ အယ်လီဂရီက အတည်ပြုလာခဲ့သလို မကြာခင်မှာပဲ စာချုပ်ဖျက်သိမ်းသွားဖွယ်လည်း ရှိနေပါတယ်။

 

Photo Credit : The Independent

အသက် (၃၀)အရွယ်ရှိ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်ကမှ ဂျုဗင်တပ်စ်အသင်းဆီကို (၄)နှစ်စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဆီ ပြန်ရောက်လာချင်း နှစ်မှာပဲ ဒဏ်ရာပြသာနာတွေကြောင့် ပြိုင်ပွဲစုံ (၁၀)ပွဲသာ ကစားခဲ့ရပါတယ်။

အခုရာသီမှာလည်း ပေါ့ဘာဟာ ရာသီအစပိုင်းမှာပဲ ဆေးစစ်မှု ကျရှုံးထားခဲ့ရလို့ ပွဲကစားခွင့် ပိတ်ပင်ခံထားရသလို ဒုတိယအကြိမ် စစ်ဆေးမှုအပြီးမှာလည်း ထပ်မံ ဆေးမအောင်ခဲ့တာကြောင့် နှစ်ရှည်ပွဲပယ်ခံရနိုင်ပြီး ကစားသမားဘဝပါ အဆုံးသတ်ရဖွယ် ရှိနေပါတယ်။