ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ဝါရင့်နည်းပြကြီး ဆမ် အလာဒိုက်စ်က လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ်လို့ သတင်းကြီးနေတဲ့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းချင်မှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အသက် ၆၉နှစ် အရွယ် ဝါရင့် အင်္ဂလိပ်လူမျိုး နည်းပြကြီး ဆမ် အလာဒိုက်စ်က ပရိသတ်တွေ သိကြတဲ့ နယူးကာဆယ် ၊ ဘလက်ဘန်း ၊ ဝက်စ်ဟမ်း ၊ ဆန်းဒါးလန်း ၊ ခရစ္စတယ် ပဲလေ့စ် ၊ အဲဗာတန် ၊ ဝက်စ်ဘရွန်း ၊ လိဒ်ယူနိုက်တက် စတဲ့ အင်္ဂလိပ်ကလပ်တို့ကို ကိုင်တွယ်ခဲ့ဖူးသလို အင်္ဂလန်အသင်းရဲ့ ယာယီနည်းပြလည်း ဖြစ်ခဲ့သူပါ။

Photo Credit: Goal

တဖက်မှာတော့ အသက် ၅၃နှစ် အရွယ် အင်္ဂလိပ်လူမျိုး နည်းပြ ဆောက်ဂိတ်က ၂၀၁၆ခုနှစ်မှ စတင်ကာ အင်္ဂလန်အသင်းကို တာဝန်ယူ ကိုင်တွယ်နေသူ ဖြစ်ပြီး သူက အင်္ဂလန်အသင်း အတွက် ဆုဖလားတွေ ရယူပေးထားနိုင်ခြင်း မရှိပေမယ့် ယူရို ၂၀၂၀ပြိုင်ပွဲမှာ ဒုတိယဆု ရအောင် ဦးဆောင်ပေးထားနိုင်ပါတယ်။

ဆောက်ဂိတ်ဟာ နည်းပြဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူထားနိုင်ခြင်း မရှိပေမယ့် ကြယ်ပွင့် ကစားသမားတွေကို ထိန်းချုပ် ကိုင်တွယ်ရာမှာ ထူးချွန်သလို အင်္ဂလိပ် ဘောလုံးလောကမှာ လူဝင်ဆံ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်က လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ရင် ဆောက်ဂိတ်ကို ယူနိုက်တက်နည်းပြသစ် အဖြစ် ခန့်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Photo Credit: The FA

ဆောက်ဂိတ်က ယူနိုက်တက်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြကြီး အလာဒိုက်စ်ကတော့ ဆောက်ဂိတ်ဟာ ယူနိုက်တက်နည်းပြ ဖြစ်လာလိမ့်မယ်လို့ မထင်ပဲ အလာဒိုက်စ်က ဆောက်ဂိတ်ဟာ ဖိအားများတဲ့ ယူနိုက်တက် နည်းပြချုပ်ရာထူးကို လက်မခံနိုင်လောက်ဘူးလို့ ထုတ်ပြောလာပါတယ်။

အလာဒိုက်စ်က – “ဆောက်ဂိတ်က အင်္ဂလန်အသင်းကို စွန့်ခွာပြီးရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ်ရာထူးကို ရယူမယ်လို့ မထင်ပါဘူး။ အဲ့ဒီအစား သူက အနားယူဖို့ပဲ တွေးပါလိမ့်မယ်။ သူက အင်္ဂလန်အသင်းမှာ အချိန်အကြာကြီး ဖိအားတွေကို ခံစားခဲ့ရတာပါ။ ဆောက်ဂိတ်ဟာ ပြိုင်ပွဲရှိတဲ့ အချိန်လောက်ပဲ ဖိအားတွေကို ခံစားရတာ ဆိုပေမယ့် ဖိအားက ဖိအားပါပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းရဲ့ ကွာခြားချက်က ယူနိုက်တက်ဆီ ရောက်သွားရင် နေ့တိုင်း ၊ အပတ်တိုင်း ၊ လတိုင်း ၊ နှစ်တိုင်း ဖိအားတွေနဲ့ ရင်ဆိုင်ရမှာပါ။ ယူနိုက်တက်မှာဆိုရင် ဖိအားတွေကို အမြဲတမ်း ရင်ဆိုင်ရပါလိမ့်မယ်။ ဆောက်ဂိတ်က အင်္ဂလန်မှာ ဖိအားတွေ အများကြီး ရင်ဆိုင်ခဲ့ရပြီးချိန်မှာ ယူနိုက်တက်လို ဖိအားများမယ့် နေရာဆီ ချက်ချင်း ပြောင်းလဲမယ်လို့ မထင်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပါ။