ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား အယ်လီဆန်က ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဆင်နယ် ၃-၁ လီဗာပူး ပွဲစဉ်မှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် မတ်လကုန် အထိ အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အယ်လီဆန်က ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်ပြီး သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Photo Credit: Goal

အယ်လီဆန်က ယခုနှစ် ဘောလုံးရာသီမှာလည်း လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၂၁ဂိုးသာ ပေးခဲ့ရပြီး ဂိုးမပေးရတဲ့ပွဲ ၉ပွဲ အထိ ရရှိထားပါတယ်။

အယ်လီဆန်က လက်စွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဆုဖလားတွေ အတွက် အရေးအကြီးဆုံးကာလကို ရောက်ရှိနေချိန်မှာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့ပြီး ဒဏ်ရာအဟောင်းမှာ ဒဏ်ပြန်ဖြစ်ခဲ့တာကြောင့် အယ်လီဆန်ဟာ ၁လကျော် အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ရဲ့ နည်းပြချုပ် ဒေါ်ရီဗယ် ဂျူနီယာက အယ်လီဆန်ဟာ ဒဏ်ရာကြောင့် မတ်လမှာ ကစားရမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ ဝင်ကစားနိုင်မှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့တာကြောင့်ပဲ အယ်လီဆန်ဟာ ဧပြီလ ရောက်မှသာ ဘောလုံးပြန်ကစားနိုင်တော့မယ်လို့ သိရှိရပါတယ်။

လီဗာပူးက အယ်လီဆန်ကို ဆုံးရှုံးခဲ့ရပေမယ့် အသင်းရဲ့ ဒုတိယဂိုးသမား ကယ်လ်လယ်ဟာကလည်း လက်စွမ်းကောင်းတွေ ပြသနေတာကြောင့် အယ်လီဆန် မရှိချိန်မှာ ကယ်လ်လယ်ဟာကို အားကိုးလို့ ရနိုင်ပါတယ်။