ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား အယ်လီဆန်က ပြီးခဲ့တဲ့ စနေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၁ လီဗာပူး ပွဲစဉ်မှာ ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ်လက်ရွေးစင် ဂိုးသမား အယ်လီဆန်က မန်ချက်စတာ စီးတီး ၁-၁ လီဗာပူး ပွဲမှာ ပွဲထွက် ဂိုးသမား အဖြစ် ပါဝင် ကစားခဲ့ပြီး သူက လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အသေးစားဒဏ်ရာ တချို့ ရခဲ့ပါတယ်။

Photo Credit: Talk sports

အယ်လီဆန်က ပွဲကစားနေရင်း နာကျင်မှု တချို့ ခံစားခဲ့ရပေမယ့် အသင်းအတွက် အားတင်းကာ ပွဲပြီးချိန်အထိ ကစားပေးခဲ့ပြီး လီဗာပူးရဲ့ ဆေးအဖွဲ့က ပွဲပြီးပြီးချင်းမှာပဲ အယ်လီဆန်ရဲ့ ဒဏ်ရာကို စစ်ဆေးပေးခဲ့ရာ ဒဏ်ရာဟာ ထင်ထားတာထက် ပိုမို ဆိုးရွားနေတာကို မြင်တွေ့ခဲ့ရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Standard Sportsရဲ့ ဖော်ပြချက်အရ အယ်လီဆန်ဟာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒဏ်ရာဟာ ပြင်းထန်တာကြောင့် အနည်းဆုံး ၃ပတ် ကနေ အများဆုံး ၅ပတ် ဝန်းကျင် အထိ အနားယူရဖွယ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Goal

အယ်လီဆန်ကသာ တံကောက်ကြောဒဏ်ရာကြောင့် ၃ပတ် ဝန်းကျင် အနားယူရမယ် ဆိုရင် သူက LASK ၊ ဖူလ်ဟမ် ၊ ရှက်ဖီးလ် ယူနိုက်တက် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ယူနီယံ ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ ၆ပွဲကို လွဲချော်တော့မှာ ဖြစ်ပြီး အကယ်၍ ၅ပတ် ဝန်းကျင်သာ အနားယူရမယ် ဆိုရင် အာဆင်နယ် ၊ ဘန်လေ ၊ နယူးကာဆယ် စတဲ့ ၃ပွဲကိုပါ ထပ်မံ လွဲချော်ရမှာပါ။

အယ်လီဆန် မရှိချိန်မှာ အရန်ဂိုးသမား ကယ်လယ်ဟာက လီဗာပူးရဲ့ ပွဲထွက် ဂိုးသမား အဖြစ် တာဝန်ယူ ကစားဖို့ ရှိနေပြီး အကယ်၍ ကယ်လယ်ဟာကသာ ထပ်မံ ဒဏ်ရာရခဲ့မယ် ဆိုရင်တော့ ဝါရင့် ဂိုးသမား အက်ဒရီယန်က ဂိုးပေါက်ကို တာဝန်ယူ စောင့်ရှောက်ရမှာပါ။