အီရန် အမျိုးသား ဘောလုံးအသင်းရဲ့ ဂန္တဝင် တိုက်စစ်ကစားသမားဟောင်းကြီး အလီဒါယီက သူ့အနေနဲ့ လက်ရှိ ဘောလုံးလောကထဲက GOAT ကြီး နှစ်ဦးလည်းဖြစ် နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားတွေလည်းဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို ၊ လီယွန်နယ် မက်ဆီတို့နဲ့အတူ သွင်းဂိုးအများဆုံးစာရင်းမှာ အတူ ရပ်တည်နေရတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ပထမဆုံး နိုင်ငံတကာ သွင်းဂိုး စုစုပေါင်း ဂိုး (၁၀၀) ပထမဆုံးပြည့်မြောက်တဲ့ ကစားသမားဖြစ်တဲ့ အလီဒါယီက အခုဆိုရင်တော့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာတော့ ရော်နယ်လ်ဒို မက်ဆီတို့ရဲ့နောက် တတိယနေရာမှာသာ ရှိနေရပါတယ်။

Photo Credit :Depor

ကစားသမားဘဝကနေ အနားယူလိုက်တာ ကြာပြီဖြစ်တဲ့ အလီဒါယီက ၁၉၉၃ခုနှစ်ကနေ ၂၀၀၆အထိ သွင်းဂိုး (၁၀၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် လက်ရှိအထိ ကစားနေကြသေးတဲ့ ရော်နယ်လ်ဒိုက (၁၃၅)ဂိုးနဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံးအဖြစ် ရပ်တည်နေသလို မက်ဆီကလည်း (၁၁၂)ဂိုး သွင်းယူထားပါတယ်။

“မှတ်တမ်းတွေ ချိုးဖျက်တာဟာ ဘောလုံးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီးတော့ ရော်နယ်လ်ဒိုလို ကစားသမားမျိုးက ဒီလို လုပ်ဆောင်သွားတာကို ကျွန်တော် ပျော်ပါတယ်။ သူဟာ ထူးခြားပြီးတော့ အလုပ် အရမ်းကြိုးစားတဲ့ ကစားသမားတစ်ဦး ဖြစ်သလို သူရဲ့ ကစားသမားဘဝတစ်လျှောက်လုံး ဒီအရည်အသွေးတွေကို သက်သေပြခဲ့ပါတယ်။ ရော်နယ်လ်ဒိုက လူငယ်ကစားသမားတွေအတွက် စံနမူနာဖြစ်ပြီးတော့ သူရဲ့မှတ်တမ်းတွေကလည်း ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။”

Photo Credit : Tehran Times

“မက်ဆီက ပါရမီရှင် ပြိုင်ဘက်ကောင်းတဲ့ ကစားသမားပါ။ သူ့မှာ မယုံနိုင်လောက်တဲ့ vision ရှိပြီး ပွဲကိုဖတ်နိုင်တဲ့ ဘောလုံးညဏ်လည်းရှိလို့ သူကစားတာကို ကြည့်ရတိုင်း နှစ်သက်ဖို့ကောင်းတယ်။ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့က ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးတွေဖြစ်ပြီး သူတို့စာ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော လူတွေကိုလည်း လှုံဆော်ပေးနိုင်တယ်။”

“ဒီကစားတွေနဲ့ အတူ ရပ်တည်နေရတာက ဂုဏ်ယူစရာကောင်းသလို ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှု အားလုံးကို တန်ဖိုးရှိစေပါတယ်။ ဘောလုံးဟာ ကျွန်တော်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေဆိုတာ ကျွန်တော့်အတွက်တော့ ကိန်းဂဏန်းတစ်ခုထက် ပိုပါတယ်။” လို့ အလီဒါယီက ပြောဆိုသွားခဲ့ပါတယ်။