နယူးကာဆယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်အတွက် လီဗာပူးလ်အသင်းဘက်ကနေ တရားဝင် ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကိုတော့ ငြင်းဆန်ပြီး ပယ်ချလိုက်ကြောင်း သိရပါတယ်။
အီဆက်ခ်ဟာ အခုနွေရာသီမှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာလိုနေပြီး နည်းပြအက်ဒီဟောင်းရဲ့ ရာသီကြိုခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေချိန်မှာလည်း အီဆက်ခ်က သူ့ရဲ့အသင်းဟောင်း ရီးယဲလ် ဆိုစီဒက်အသင်းနဲ့အတူ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေပါတယ်။
Photo Credit : Football Transfer
လီဗာပူးလ်အသင်းက အခုကမ်းလှမ်းမှုမတိုင်မီ အီဆက်ခ်အတွက် နယူးကာဆယ်အသင်းဆီ တရားဝင် မဟုတ်တဲ့ ချဉ်းကပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ပေါင်သန်း(၁၂၀)ဝန်းကျင်နဲ့ ခေါ်ယူလိုကြောင်း စိတ်ဝင်စားမှုပြသခဲ့ဖူးသည်။ အခုအခါ အန်ဖီးလ်ကလပ်ရဲ့ တရားဝင် ကမ်းလှမ်းမှုကို နယူးကာဆယ်ဘက်ဘက်က ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ အီဆက်ခ်ကို လာမယ့်နွေရာသီမှာ အသက်ဝင်မယ့် စာချုပ်ဖျက်သိမ်းကြေးအပါအဝင် ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ်တစ်ခု ချုပ်ဆိုဖို့ ကြိုးပမ်းခဲ့သလို အသင်းရဲ့စီနီယာကစားသမားများကနေတစ်ဆင့်လည်း အသင်းမှာဆက်နေဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် အသက်(၂၅)နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးသည် သူရဲ့ရပ်တည်ချက်ကို မပြောင်းလဲခဲ့ဘဲ အသင်းကနေ ထွက်ခွာလိုတဲ့ဆန္ဒကို သူနဲ့ သူရဲ့ကိုယ်စားလှယ်များက အသင်းထံ ရှင်းလင်းစွာ အသိပေးထားပြီး ဖြစ်ပါတယ်။
Photo Credit : Goal
ဖာဘရီဇီယို ရိုမာနိုရဲ့ နောက်ဆုံး ဖော်ပြထားတဲ့ သတင်းအချက်အလက်ထဲမှာ လီဗာပူးလ်အသင်းက အီဆက်ခ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ကနဦးကမ်းလှမ်းမှုဟာ အပိုဆုကြေးများ အပါအဝင် ပေါင်သန်း(၁၂၀) တန်ဖိုးရှိတဲ့ ပက်ကေ့ချ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် နယူးကာဆယ်အသင်းက ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အီဆက်ခ်နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတစ်ဦး မရှာမချင်း ဆွေးနွေးမှုများ ပြုလုပ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။ အီဆက်ခ်ကတော့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လိုတဲ့ သူရဲ့ ရှင်းလင်းပြတ်သားတဲ့ ဆန္ဒကို နယူးကာဆယ်အသင်းထံ အခိုင်အမာ ပြောဆို အသိပေးထားပါတယ်။