စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဒါရိုက်တာ တဦး ဖြစ်သူ အလီမာနီက သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီက ၂၀၁၇ခုနှစ်မှာ ဒေါ့မွန် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၄၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Sky Sports

ဒမ်ဘီလီနဲ့ ဘာစီလိုနာတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် စာချုပ်သစ်က ၂နှစ်သာ သက်တမ်း ရှိသလို စာချုပ်ရဲ့ ဖျက်သိမ်းကြေးကလည်း ယူရို ၅၀သန်းသာ ရှိတာကြောင့် ပီအက်စ်ဂျီက ဒမ်ဘီလီကို စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၅၀သန်း ဆိုပေမယ့် ဘာစီလိုနာဟာ အဆိုပါ ယူရို ၅၀သန်းလုံးကို ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ပဲ ဒမ်ဘီလီနဲ့ သူ့ရဲ့ အေးဂျင့်တို့ကို အကျိုးအမြတ် တချို့ ခွဲဝေပေးရဖို့ ရှိနေပြီး ဘာစီလိုနာက ဒမ်ဘီလီနဲ့ သူ့ရဲ့ အေးဂျင့်တို့ကို ငွေကြေးနည်းနည်းသာ ခွဲဝေပေးရဖို့ အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ဘာစီလိုနာ ၊ ပီအက်စ်ဂျီနဲ့ ဒမ်ဘီလီရဲ့ အေးဂျင့်တို့က သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဘာစီလိုနာရဲ့ ဒါရိုက်တာ ဖြစ်သူ အလီမာနီကလည်း သူတို့အသင်းဟာ ဒမ်ဘီလီကို ပီအက်စ်ဂျီထံ ရောင်းချတော့မှာ ဖြစ်ကြောင်းနဲ့ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ စာချုပ်တွေမှာ လက်မှတ် ရေးထိုးဖို့သာ လိုအပ်တော့ကြောင်း ဆိုလာပါတယ်။

အလီမာနီက – “အူစမာနီ ဒမ်ဘီလီက ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ ကစားတော့မှာပါ။ ကျွန်တော်တို့တွေက သဘောတူညီမှု ရရှိပြီးသွားပါပြီ။ အခု ဒီအပြောင်းအရွှေ့ကို အပြီးသတ်ဖို့ စာချုပ်တွေမှာ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်” လို့ ထုတ်ဖော် ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။