စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက နောက်ခံလူ အလာဘာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၄-၁ ဗီလာရီးရဲလ် ပွဲစဉ်မှာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရပါတယ်။

အလာဘာရဲ့ ရီးရဲလ်မက်ဒရစ်က လာလီဂါ ပွဲစဉ်(၁၇) အဖြစ် အိမ်ကွင်းမှာ ဗီလာရီးရဲလ်ကို ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ အလာဘာက ရူဒီဂါ ၊ မန်ဒီ ၊ ဗက်ဇ်ကွက် ၊ လူနင် (ဂိုး) စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ်ရဲ့ ခံစစ်ကြောင်းကို တာဝန်ယူခဲ့ရပါတယ်။

Photo Credit: 90 Min

အဆိုပါပွဲမှာ အလာဘာက ရီးရဲလ်မက်ဒရစ် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၃၀ကျော်မှာ မထင်မှတ်ပဲ ဘောလုံးလောကရဲ့ အဆိုးဝါးဆုံးဒဏ်ရာ ဖြစ်တဲ့ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ(ACL)ကို ရရှိသွားခဲ့ပြီး ရီးရဲလ်နည်းပြချုပ် အန်ဆလော့တီက သူ့ကို ချက်ချင်းပဲ နောက်ထပ် ဗဟိုခံစစ်မှူး တဦး ဖြစ်သူ နာချိုနဲ့ လူစားလဲခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်ကို ဘယ်လင်ဟမ် ၊ ရိုဒရီဂို ၊ ဒီယက်ဇ် ၊ မိုဒရစ် စတဲ့ ကစားသမား ၄ဦးရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် အလာဘာ တယောက် ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားတာဟာ သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခုပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ပွဲပြီးချိန်မှာတော့ ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အန်ဆလော့တီက အလာဘာဟာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့သလို တရာသီအတွင်းမှာ သူ့ရဲ့ ကစားသမား ၃ဦး အထိ (အလာဘာ ၊ ကော်တွိုက်စ် ၊ မီလီတာအို) ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တဲ့ အခြေအနေကို အခုမှသာ ကြုံဖူးတာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အန်ဆလော့တီက – “အလာဘာဟာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရသွားခဲ့တာပါ။ ဒါက အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ သတင်းတခုပါပဲ။ ကျွန်တော့်ရဲ့ ကစားသမား ၃ယောက် တရာသီထဲမှာ ဒူးအရွတ် ပြတ်တောက်ဒဏ်ရာ ရရှိခဲ့တာကို အခုမှပဲ ပထမဦးဆုံးအကြိမ် ကြုံဖူးတာပါ။ မယုံနိုင်စရာပါပဲဗျာ” လို့ ပြောကြားသွားခဲ့တာပါ။