ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းကတော့ တာဂျစ်ကစ္စတန်ကလပ် အက်စတီလိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် AFC ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အနားပေးသွားမယ်လို့ သိရပါတယ်။

အယ်လ်နာဆာအသင်းက ဒီရာသီ AFC ချန်ပီယံလိဂ်ပြိုင်ပွဲထဲ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ဆီ တက်လှမ်းထားနိုင်ပြီးသား ဖြစ်နေသလို အုပ်စုတွင်း (၅)ပွဲထိ ကစားပြီးချိန်မှာလည်း ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Al Nassr Zone X

အယ်လ်နာဆာအသင်းဟာ AFC ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွင်း အီရန်ကလပ် ပါဆီပိုလစ် ၊ ကာတာကလပ် အယ်လ်ဒူဟေးလ် နဲ့ တာဂျစ်ကစ္စတန်ကလပ် အက်စတီလိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး ပါဆီပိုလစ်ကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာသာ ဂိုးမရှိ သရေကျထားပြီး ကျန်တဲ့ပွဲတွေကိုတော့ အနိုင်ရရှိထားခဲ့ပါတယ်။

အခုဆိုရင် အယ်လ်နာဆာကလည်း အုပ်စုအဆင့်ကနေ တက်လှမ်းထားပြီးသား ဖြစ်သလို အက်စတီလိုအသင်းရဲ့ အိမ်ကွင်းကလည်း မြက်ခင်းတုကွင်း ဖြစ်နေတာကြောင့် ရော်နယ်လ်ဒိုလို အသင်းအတွက် အရေးအပါဆုံး ကစားသမားကို အနားပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : Al Nassr Zone X

ဒါက တာဂျစ်ကစ္စတန်က ရော်နယ်လ်ဒို ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်စေနိုင်ပြီး ဒီလို အခြေအနေကို သူတို့အသင်းအနေနဲ့ ကောင်းကောင်း နားလည်ပါကြောင်း အယ်လ်နာဆာ အသင်းနည်းပြ လူးဝစ် ကက်စထရိုက ပြောဆိုထားပါတယ်။

“ကျွန်တော်လည်း ပရိသတ်တစ်ဦး ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ရော်နယ်လ်ဒို ကစားတာကို အမြဲတမ်း ကြည့်ရှုချင်မှာပဲ။ ဒါပေမယ့် ကျွန်တော်က အခု နည်းပြတစ်ယောက် ဖြစ်နေတဲ့အချိန် ရော်နယ်လ်ဒိုက ဒီပွဲအတွက် အဆင်သင့် ဖြစ်မနေတဲ့အချိန် ဒါကို ကျွန်တော်ဘက်ကလည်း အရဲစွန့်ပြီး အသုံးပြုဖို့က ခက်ခဲပါတယ်။” လို့ ကက်စထရိုက ရှင်းလင်း ပြောကြားခဲ့ပါတယ်။