ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ပေါ်တူဂီတိုက်စစ်မှူး ဂျာအို ဖီးလစ်ကို ခေါ်ယူဖို့အတွက် အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။ ဒါဟာ ဖီးလစ်ရဲ့ သူ့အသင်းဟောင်း ဘင်ဖီကာအသင်းဆီ ပြန်လာမယ့် အစီအစဉ်ကို ကြားဖြတ် ခေါ်ယူဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ်လ်နာဆာဟာ ချယ်လ်ဆီးကို အပြီးသတ် ပြောင်းရွှေ့ကြေး ကမ်းလှမ်းခဲ့ပြီး ဂျာအို ဖီးလစ်ကိုယ်တိုင်ကိုလည်း စာချုပ် ကမ်းလှမ်းထားပါတယ်။ ဒီအပြောင်းအရွှေ့ဟာ အပြီးသတ်နီးပါး ရှိနေပြီဖြစ်ပြီး နောက်ထပ်(၂၄)နာရီကနေ (၄၈)နာရီအတွင်းမှာ နောက်ဆုံးအသေးစိတ် အချက်အလက်တွေကို ဆွေးနွေးဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။
Photo Credit : Goal
၂၀၂၄ နွေမှာ အသက်လက်တီကို မက်ဒရစ်ကနေ ချယ်လ်ဆီးအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ရောက်လာခဲ့တဲ့ ဖီးလစ်ဟာ ချယ်လ်ဆီးမှာ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့လို့ ၂၀၂၅ ဆောင်းဈေးကွက်မှာပဲ အေစီမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါ့အပြင် အခုနွေမှာလည်း ဖီးလစ်က သူ့ရဲ့ ငယ်ဘဝကလပ် ဘင်ဖီကာကို ပြန်လာဖို့ပါ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ဒီလို ဘင်ဖီကာအသင်းဆီ ပြန်သွားဖို့ အစီအစဉ် ရှိနေတဲ့ ဂျာအို ဖီးလစ်ကို ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းက ကြားဖြတ် ခေါ်ယူဖို့ လုပ်ဆောင်လာပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အော်တာဗီယိုတို့လို ပေါ်တူဂီ ကစားသမားကောင်းတွေ ရှိနေတဲ့ အယ်လ်နာဆာက ဒီကစားသမားတွေရဲ့ လက်ရွေးစင် အသင်းဖော် ဖီးလစ်ကို အယ်လ်နာဆာအသင်းဆီ ရောက်လာအောင် အဓိကနေရာကနေ ဆွဲဆောင်နေမှာ သေချာပါတယ်။
Photo Credit : The Independent
အယ်လ်နာဆာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို မာနေး အန်ဂျလို ဝက်စလေတို့ ရှိနေပေမယ့် ဂျာအို ဖီးလစ်လို အရည်အသွေးမြင့် ကစားသမားကောင်းတစ်ဦး ထပ်ရောက်လာမယ်ဆိုရင်တော့ အယ်လ်နာဆာ တိုက်စစ်ပိုင်းက အတော်လေး အားကောင်းလာနိုင်ပါလိမ့်မယ်။
ဒါ့အပြင် အယ်လ်နာဆာဟာ သိပ်မကြာသေးခင်ကမှ အက်စတွန် ဗီလာကနေ ခေါ်ယူထားတဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဂျွန် ဒူရန်ကို ဖီနာဘာချီအသင်းဆီ အငှားချထားခဲ့တာကြောင့် တိုက်စစ်ပိုင်းကို သေချာပေါက် ပြန်လည် အားဖြည့်ရဖို့ ရှိနေပြီး ရိုဒရီဂို မာတင်နယ်လီ ဂါနာချိုတို့လို တိုက်စစ်ကစားသမားတွေနဲ့လည်း တောက်လျှောက် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး အခုတော့ ဂျာအို ဖီးလစ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။