ဆော်ဒီလိဂ် ကလပ်အသင်းတွေကတော့ လာမယ့်ဈေးကွက်အတွင်းမှာပဲ ငွေကြေးသုံးစွဲမှု များစွာနဲ့ ဥရောပလိဂ်က ထိပ်တန်းကစားသမားတွေကို ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပြီး အခု အယ်လ်နာဆာအသင်းဟာလည်း တိုက်စစ်ပိုင်းအတွက် အက်စတွန် ဗီလာ တိုက်စစ်မှူး ဂျွန်ဒူရန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာ့အကောင်းဆုံး ကစားသမား အပါအဝင် မာနေး ဘရိုဇိုဗစ် အော်တာဗီယို လာပေါ့တ် ဆီမာကန်တို့လို ကစားသမားကောင်းတွေကိုပါ ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အယ်လ်နာဆာအသင်းဟာ ဒီလို ကစားသမားတွေ အားဖြည့်ထားသည့်တိုင် ဆော်ဒီလိဂ်မှာရော ပြည်တွင်းရှုံးထွက်ပြိုင်ပွဲတွေမှာပါ အောင်မြင်မှု ရယူနိုင်ဖို့ အလှမ်းဝေးနေပါတယ်။
Photo Credit : TEAMtalk
ဒါကြောင့်ပဲ အယ်လ်နာဆာက ပြိုင်ဘက် အယ်လ်ဟီလာ အယ်လ်အစ်တီဟတ်အသင်းတွေထက် ကစားသမားအင်အား တောင့်တင်းစေဖို့ နောက်ထပ် ထိပ်တန်းကစားသမားတွေကို ခေါ်ယူသွားဖွယ် ရှိနေပြီး လက်ရှိမှာ ဗီလာရဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဒူရန်ကို အလိုရှိလာခဲ့ပါတယ်။
လက်ရှိ အယ်လ်နာဆာ တိုက်စစ်မှာ ရော်နယ်လ်ဒို မာနေး အန်ဂျလိုနဲ့ ဝက်စလေတို့ ရှိနေပေမယ့် တိုက်စစ်ပိုင်း ပိုမို အင်အားတောင့်တင်းလာဖို့အတွက် ဒူရန်ကို ခေါ်ယူသွားချင်နေပါတယ်။ အသက်(၂၁)နှစ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူး ဒူရန်ဟာ ၂၀၂၃ ဇန်နဝါရီကမှ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားကနေ ဗီလာဆီ ရောက်လာခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ ဗီလာနဲ့ ၂၀၃၀အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပါသေးတယ်။
Photo Credit : Football Transfer
ဒူရန်က ဒီနွေမှာ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် ဗီလာမှာသာ ဆက်ရှိနေပြီး မထင်ထားလောက်အောင် ခြေစွမ်းပြသနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာ (၁၂)ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ လက်ရှိမှာတော့ ဒူရန်ကို ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ကလည်း အပြိုင်စိတ်ဝင်စားနေပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။
ဒီလို အခြေအနေမှာ အယ်လ်နာဆာက ဒူရန်ကို တခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဗီလာအနေနဲ့ ဒူရန်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားကို အသင်းကနေ အလွယ်တကူ မရောင်းချသွားချင်ပေမယ့် ပေါင်သန်း(၈၀)နဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်ခံစဉ်းစားနိုင်ဖွယ် ရှိနေပါတယ်။