ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းကလပ် အယ်လ်နာဆာအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးကို ဘယ်လောက်မဆို အသုံးပြုသွားဖို့ အဆင်သင့် ရှိနေတယ်လို့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

အယ်လ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးနောက်ပိုင်း ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင်နဲ့ ကလပ်အသင်းဖော်တွေဖြစ်တဲ့ အဲလက်စ် တဲလက်စ် ၊ အော်တာဗီယိုတို့ကို ထပ်မံ ခေါ်ယူခဲ့ပြီး ဆာဒီယို မာနေး ၊ မာဆယ်လို ဘရိုဇိုဗစ် ၊ အမ်းမရစ် လာပေါ့တ်တို့လို ကစားသမားကောင်းတွေကိုပါ ဖြည့်တင်းခဲ့ပါသေးတယ်။

Photo Credit : Arab News

ဒါပေမယ့်လည်း အယ်လ်နာဆာဟာ သူတို့ရဲ့ မဟာပြိုင်ဘက် အယ်လ်ဟီလာအသင်းရဲ့ နောက်ကောက်ချ ခံရမှုနဲ့သာ ကြုံတွေ့နေရပြီး ဒီရာသီမှာလည်း ဆုဖလားများစွာ လက်လွတ်ထားခဲ့ရတာကြောင့် လာမယ့်ရာသီအတွက် ထိပ်တန်း ကစားသမား ဖြည့်တင်းမှုတွေကို လုပ်ဆောင်သွားဖို့ပါ ရှိနေပါတယ်။

ဒီရက်ပိုင်းမှာတော့ အယ်လ်နာဆာဟာ မန်ယူနိုက်တက်အသင်းက ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုး ၊ ဗာရန်းတို့နဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်ပြီးနောက် အခု ဖာနန်ဒက်စ်နဲ့ပါ သတင်းထွက်လာရသလို ဖာနန်ဒက်စ်က အယ်လ်နာဆာအသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပါ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ထွက်ပေါ်လာတဲ့ သတင်းတွေအရ အယ်လ်နာဆာ အသင်းခေါင်းဆောင်ဖြစ်တဲ့ GOAT ကြီး ရော်နယ်လ်ဒိုက သူရဲ့ လက်ရွေးစင် အသင်းဖော်နဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဖာနန်ဒက်စ်ကို အသင်းဆီ ခေါ်ဆောင်ပေးဖို့ တိုက်တွန်းထားတာကြောင့် အယ်လ်နာဆာဘက်က ဖာနန်ဒက်စ်ကို ရဖို့ ပြောင်းရွှေ့ကြေး ဘယ်လောက်နဲ့မဆို ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

လတ်တလောမှာကလည်း ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်တို့ရဲ့ အခြေအနေတွေကို ဘိုင်ယန်မြူးနစ် အင်တာမီလန်တို့ကလည်း စောင့်ကြည့်လျက် ရှိနေကြပေမယ့် The Athletic ကတော့ ဖာနန်ဒက်စ်က ယူနိုက်တက်မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။ ဒါပေမယ့် ဒီနွေမှာကတော့ ဖာနန်ဒက်စ်ရဲ့ အနာဂတ် အခြေအနေက စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေရပါတယ်။