ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဘရာဇီးလ် ဂိုးသမားဖြစ်သူ အီဒါဆန်ကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိသွားခဲ့ပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၀)အရွယ် ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆန်ဟာ ၂၀၁၇ခုနှစ်ကတည်းက ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းကို စတင် ရောက်ရှိတဲ့နှစ်မှာပဲ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ဦးစားပေး ဂိုးသမားတစ်ဦး ဖြစ်လာခဲ့တာ လက်ရှိအချိန်အထိပဲ ဖြစ်ပါတယ်။

Photo Credit : SABC Sports

ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ အဆုံးသတ်ခါနီး စပါးနဲ့ မန်စီးတီးအသင်းတို့ပွဲမှာ အီဒါဆန်နဲ့ စပါးနောက်ခံလူ ရိုမဲရိုးတို့ ထိခိုက်မှု ဖြစ်ခဲ့ပြီးနောက် မိနစ်အနည်းငယ် အကြာမှာပဲ အီဒါဆန်ကို ဂွာဒီယိုလာက လူစားလဲခဲ့ရာကနေ မပြေလည်မှုတွေက စတင် ဖြစ်ပွားလာခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း အီဒါဆန်ရဲ့ အနာဂတ် အခြေအနေပါ စတင် လှုပ်ခတ်လာခဲ့ပါတယ်။

ဂွာဒီယိုလာဆိုတာကလည်း သူနဲ့ အဆင်မပြေတဲ့ ကစားသမားဆိုရင် ဘယ်လောက်ပဲ ကောင်းနေပါစေ လက်လွတ်လိုက်ဖို့ ဝန်မလေးတဲ့သူဖြစ်လို့ အခု သူနဲ့ ခွာပြဲနေတဲ့ အီဒါဆန်ကိုလည်း အသင်းကနေ ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ ယူဆလာကြပါတယ်။ ဒီအချိန်မှာပဲ အီဒါဆန်ကို ဆော်ဒီကလပ်အသင်းတွေကနေ ချဉ်းကပ်မှုတွေ စတင်လာပါတော့တယ်။

Photo Credit : CaughtOffside

အီဒါဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ဆော်ဒီကလပ်တွေထဲမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်ကစားနေတဲ့ အယ်လ်နာဆာအသင်းလည်း ပါဝင်လာခဲ့ပါတယ်။ အယ်လ်နာဆာက ကိုလံဘီယာ ဝါရင့်ဂိုးသမားကြီး အော့စ်ပီနာကို စာချုပ်သက်တမ်း ပြည့်သွားလို့ အသင်းကနေ လက်လွတ်လိုက်ရချိန်မှာ ဥရောပ ကလပ်တွေက ဂိုးသမားများစွာကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ကနဦးပိုင်းမှာကတော့ ဂျုဗင်တပ်စ်အသင်းရဲ့ ပိုလန် ဂိုးသမား ဆက်ဇနီကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့်လည်း နောက်ပိုင်းမှ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ ခက်ခဲနေရတာကြောင့် အီဒါဆန်ဘက်ကိုသာ ပိုမို အာရုံထားလာခဲ့ပြီး အခုတော့ အီဒါဆန်နဲ့လည်း သဘောတူညီမှု ရယူနိုင်ခဲဲ့ပြီ ဖြစ်တာကြောင့် အီဒါဆန်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ မန်စီးတီးနဲ့ သဘောတူညီမှု ရဖို့သာ ကျန်ရှိနေပါတော့တယ်။