ဆော်ဒီစူပါလိဂ်ရဲ့ ထိပ်သီးကလပ်တွေ ဖြစ်တဲ့ အယ် နက်ဆာနဲ့ အယ် အီတီဟတ်တို့က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား အန်ဂိုလို ကန်တီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တဦး ဖြစ်သလို သူ့ရဲ့ ရိုးသားတဲ့ နေထိုင်ပုံကြောင့် ဘောလုံးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Goal

အန်ဂိုလို ကန်တီက ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရနေခဲ့ပြီး ဒဏ်ရာပြဿနာ များပြားမှုကြောင့်ပဲ ချယ်လ်ဆီးက ကန်တီကို စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးက ကန်တီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု တစုံတရာ မရသေးပဲ မကြာသေးမီကမှ ရိုနယ်ဒိုနဲ့ ဘန်ဇီမာတို့လို ကြယ်ပွင့် တိုက်စစ်မှူးတွေကို ခေါ်ယူထားတဲ့ အယ် နက်ဆာနဲ့ အယ် အီတီဟတ်တို့က ချယ်လ်ဆီးရဲ့ တွန့်ဆုတ်နေမှုကို အခွင့်ကောင်း ယူကာ ကန်တီကို ခေါ်ယူဖို့ ကြိုးစားလာကြပါတယ်။

Photo Credit: Daily Mail

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ် နက်ဆာနဲ့ အယ် အီတီဟတ်တို့ရဲ့ တာဝန်ရှိသူတွေက ယနေ့မှာပဲ အင်္ဂလန်ဆီ လာရောက်ကာ ကန်တီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပြီး နှစ်သင်းစလုံးက ကန်တီကို တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ကန်တီနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်က ဇွန်လ ၃၀ရက်နေ့မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ကန်တီက အယ် နက်ဆာနဲ့ အယ် အီတီဟတ်တို့ဆီ အလွယ်တကူ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပြီး လက်ရှိမှာ ကန်တီက ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဖို့ထက် ဆော်ဒီမြေဆီ ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း များနေပါတယ်။