ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် တိုးမြှင့် ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အသက်(၄၀)ပြည့်ထားခဲ့တဲ့ ပေါ်တူဂီ စူပါစတားကြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်မှာ နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက် ပွဲကစားခွင့်တွေ နည်းလာရာကနေ အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့လာခဲ့ပါတယ်။
Photo Credit : Goal
၂၀၂၃ နှစ်စပိုင်းကတည်းက အယ်လ်နာဆာအသင်းဆီ ရောက်ရှိနေခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင် ဆော်ဒီမြေမှာ (၂)နှစ်အထိ ဖြတ်သန်းထားခဲ့ပြီဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉၆)ပွဲကစားကာ (၈၈)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုနဲ့ အယ်လ်နာဆာတို့ကြားက စာချုပ်သက်တမ်းကတော့ လပိုင်းလောက်သာ ကျန်နေပါတော့တယ်။
အယ်လ်နာဆာအသင်းက ရော်နယ်လ်ဒိုလို GOAT တစ်ဦးကို ခေါ်ယူပြီးမှ မာနေး ဘရိုဇိုဗစ် လာပေါ့တ် အော်တာဗီယိုနဲ့ ဂျွန်ဒူရန်တို့လို ထိပ်တန်းကစားသမားတွေကို ထပ်မံ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုကိုလည်း အသင်းမှာ ဆက်လက် ထားရှိဖို့ ဆန္ဒရှိနေတာကြောင့် စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ပြင်ဆင်လာခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့မှုကို နာမည်ကျော် သတင်းမီဒီယာကြီး AFP က “ရော်နယ်လ်ဒိုရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့ နှစ်ဖက်စလုံးက သဘောတူညီခဲ့ပြီးပါပြီ။ ဒါပေမယ့် စာချုပ်ကို လက်မှတ်မထိုးရသေးပါဘူး။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကြေညာချက်တစ်ခု ထုတ်ပြန်သွားမှာပါ။” လို့ ဖော်ပြထားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲကစား (၂၄)ဂိုးအထိတောင် သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု (၄)ကြိမ်အထိ လုပ်ဆောင်ထားသလို နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက်အထိ ဂိုးတွေမြူးနေရပါတယ်။ ဒါ့အပြင် လက်ရှိမှာ ရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက် သွင်းဂိုး စုစုပေါင်း (၉၂၄)ဂိုးအထိ ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။