ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီက သူတို့အသင်းဟာ လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စတင် ကြိုးစားသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ် အကယ်ဒမီထွက် တိုက်စစ်မှူး ဖြစ်ပေမယ့် သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်က မားကပ် ရက်ဖို့ဒ်ကို စာချုပ်ပါ အချက်အလက်တွေ အရ နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်း တိုးနိုင်သေးပေမယ့် အကယ်၍ ရက်ဖို့ဒ်ကသာ စာချုပ်သစ် မချုပ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ဟာ မားကပ် ရက်ဖို့ဒ်ကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးရနိုင်ပြီး အကယ်၍ အလွတ်နဲ့ မထွက်ခွာစေချင်ရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မဖြစ်မနေ ရောင်းချရမှာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီ အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက မန်ချက်စတာ ယူနိုက်တက်နဲ့ ရက်ဖို့ဒ်တို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေကို စောင့်ကြည့်နေကြပြီး ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီကတော့ သူတို့အသင်းဟာ ရက်ဖို့ဒ်လို ကစားသမားမျိုးကို ခေါ်ယူနိုင်မယ့် အခြေအနေမျိုးနဲ့ ကြုံခဲ့ရရင် ရက်ဖို့ဒ်ကို ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်သလို လာမယ့် ဇန်နဝါရီလ အတွင်းမှာပဲ ရက်ဖို့ဒ်နဲ့ ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ထုတ်ပြောလာပါတယ်။

Photo Credit: Sky Sports

အယ်ခါလိုင်ဖီက – “ကျွန်တော်တို့က ဘာကြောင့် ရက်ဖို့ဒ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မခေါ်နိုင်ရမှာလဲ။ တကယ်လို့ ဒီနေ့မှာသာ ရက်ဖို့ဒ်က အသင်းလက်မဲ့ ကစားသမားမျိုး ဖြစ်နေရင် ကျွန်တော်တို့က ချက်ချင်း သူနဲ့ ဆွေးနွေးသွားမှာပါ။ ဒါပေမယ့် အခုတော့ သူက အသင်း ရှိနေတဲ့ ကစားသမား ဖြစ်လို့ အဲ့ဒီလို လုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ အခုချိန်မှာ သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲ တခုထဲကိုပဲ အာရုံစိုက်ခွင့် ပေးလိုက်ကြပါ။ လာမယ့် ဇန်နဝါရီလထဲမှာတော့ ကျွန်တော်တို့က သူနဲ့ စကားပြောခွင့် ရဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာ မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ ပီအက်စ်ဂျီ တသင်းထဲ မဟုတ်ပဲ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ ၊ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်တို့ကလည်း ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။